မှတ်စု (‘သလ္လေခသုတ်' - 'မဟာစည်ဆရာတော်ဘုရားကြီး’)
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ သလ္လေခသုတ်
ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်မှာ အပ္ပိစ္ဆာဂုဏ်၊ သန္တုဋ္ဌိဂုဏ်၊ သလ္လေခဂုဏ် ဆိုတဲ့ ဒီဂုဏ်တွေဟာ ပြည့်စုံဖို့ရာ အင်မတန် အရေးကြီးတဲ့ ဂုဏ်တွေ ဖြစ်ပါတယ်။
အပ္ပိစ္ဆာဂုဏ် = အလိုရမ္မက်နည်းခြင်း
သန္တုဋ္ဌိဂုဏ် = ရောင့်ရဲလွယ်ခြင်း
သလ္လေခဂုဏ် = ကိလေသာအညစ်အကြေးများကို ခေါင်းပါးအောင် နည်းပါးအောင် ကင်းသွားအောင် ကျင့်ခြင်း
နေရာ = သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
မေးမြန်းလျှောက်ထားသူ = အရှင်သာရိပုတြာ၏ ညီတော် အရှင်မဟာစုန္ဒ (အရှင်မဟာစုန္ဒမထေရ်၏ ဘွဲ့အမည်နှင့် ပတ်သက်၍ အရှင်သာရိပုတြာ၏ ညီတော် အရှင်စုန္ဒမထေရ် ဟုတ်/မဟုတ် လေ့လာရန် လိုအပ်သည်။ အရှင်ကေလာသ၏ ‘အရှင်သာရိပုတ္တရာရဲ့ညီ အရှင်စုန္ဒအကြောင်း လေ့လာချက် အမေးအဖြေ-၁၃၉ ကြည့်။ www.wisdomlib.org/definition/cunda ကြည့်။)
အမေး = ယာ ဣမာ ဘန္တေ အနေကဝိဟိတာ ဒိဋ္ဌိယော လောကေ ဥပ္ပဇ္ဇန္တိ အတ္တဝါဒပဋိသံယုတ္တာ ဝါ လောကဝါဒပဋိသံယုတ္တာ ဝါ၊ အာဒိမေဝ ဘန္တေ ဘိက္ခုနော မနသိကရောတော ဧဝမေတာသံ ဒိဋ္ဌီနံ ပဟာနံ ဟောတိ၊ ဧဝမေတာသံ ဒိဋ္ဌီနံ ပဋိနိဿဂ္ဂေါ ဟောတိ။
ဘန္တေ၊ မြတ်စွာဘုရား။
အတ္တဝါဒပဋိသံယုတ္တာ ဝါ၊ အတ္တဝါဒနှင့်စပ်ဆိုင်သည်မူလည်းဖြစ်ကုန်သော။
လောကဝါဒပဋိသံယုတ္တာ ဝါ၊ လောကဝါဒနှင့်စပ်ဆိုင်သည်မူလည်း ဖြစ်ကုန်သော။
အနေကဝိဟိတာ၊ များစွာကုန်သော။
ယာ ဣမာ ဒိဋ္ဌိယော၊ အကြင် မှားသော အယူအမြင်တို့သည်။
လောကေ၊ လောက၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်နေကြပါသည် အရှင်ဘုရား။
ဘန္တေ၊ မြတ်စွာဘုရား။
အာဒိမေဝ မနသိကရောတော၊ အစမျှ၌သာလျှင် နှလုံးသွင်းရသေးသော။ ဝါ၊ နှလုံးသွင်းခါစမျှသာ ဖြစ်သော။
ဧတာသံ ဒိဋ္ဌီနံ၊ ဤမှားသော အယူအမြင်တို့ကို။
ပဟာနံ ဟောတိ၊ ပယ်ခြင်းဖြစ်ပါသလား အရှင်ဘုရား။
ဧဝံ၊ ဤသို့ စ၍ နှလုံးသွင်းကာမျှဖြင့်။
ဧတာသံ ဒိဋ္ဌီနံ၊ ဤမှားသော အယူအမြင်တို့ကို။
ပဋိနိဿဂ္ဂေါ၊ လုံးဝ စွန့်ခြင်းသည်။
ဟောတိ၊ ဖြစ်ပါသလား အရှင်ဘုရား။
အဲဒီ မေးလျှောက်ချက်မှာ အတိုချုပ်ဆိုလိုတာကတော့ အတ္တဝါဒနဲ့ စပ်တဲ့ အယူမှားတွေ လောကဝါဒနဲ့ စပ်တဲ့ အယူမှားတွေဆိုတဲ့ အဲဒီ အယူမှားတွေကို နှလုံးသွင်းရှုမှတ်ခါစဖြင့် ပယ်နိုင်ပါသလားလို့ ဆိုလိုပါတယ်။
တရားအားထုတ်ခါစ သမာဓိရရုံလောက်နဲ့ အဲဒီ အယူမှားတွေကို ပယ်နိုင်ပါသလား၊ ဝိပဿနာရှုလို့ အရောင်အလင်း ပီတိ အစရှိတဲ့ ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသကို တွေ့ရုံမျှလောက်နဲ့ ပယ်နိုင်ပါသလား လို့ မဟာစုန္ဒမထေရ်က မေးလျှောက်ပါတယ်။
ဒီလို မေးလျှောက်ရတာကလဲ အကြောင်းရှိပါတယ်။
တချို့ ပုဂ္ဂိုလ်တွေက သမာဓိရရုံလောက်နဲ့ ဈာန်ရရုံလောက်နဲ့ ဥပက္ကိလေသကို တွေ့ရုံလောက်နဲ့ အဲဒီ အယူမှားတွေကို ပယ်နိုင်တယ်လို့ အထင်ရောက်နေကြတယ်။ တချို့ကလဲ အဲဒီလို သမာဓိရရုံမျှ အရောင်အလင်း စသည်ကို တွေ့ရုံမျှနဲ့ ရဟန်းကိစ္စ ပြီးပြီ၊ ရဟန္တာ ဖြစ်ပြီလို့ ဒီလို အထင်ရောက်နေကြတယ်။ အဲဒီလို အထင်မှားပြီး အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေမှာ အမြင်မှန်ရအောင်လို့ မေးလျှောက်ခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရား၏ အဖြေ
ယာ ဣမာ စုန္ဒ အနေကဝိဟိတာ ဒိဋ္ဌိယော လောကေ ဥပ္ပဇ္ဇန္တိ အတ္တဝါဒပဋိသံယုတ္တာ ဝါ လောကဝါဒပဋိသံယုတ္တာ ဝါ၊ ယတ္ထ စေတာဒိဋ္ဌိယော ဥပ္ပဇ္ဇန္တိ၊ ယတ္ထ စ အနုသေန္တိ၊ ယတ္ထ စ သမုဒါစရန္တိ၊ တံ “နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဧဝမေတာသံ ဒိဋ္ဌီနံ ပဟာနံ ဟောတိ၊ ဧဝမေတာသံ ဒိဋ္ဌီနံ ပဋိနိဿဂ္ဂေါ ဟောတိ။
စုန္ဒ၊ ချစ်သား စုန္ဒ။
အတ္တဝါဒပဋိသံယုတ္တာ ဝါ၊ အတ္တဝါဒနှင့် စပ်ဆိုင်သည်မူလည်း ဖြစ်ကုန်သော။ လောကဝါဒပဋိသံယုတ္တာ ဝါ၊ လောကဝါဒနှင့် စပ်ဆိုင်သည်မူလည်း ဖြစ်ကုန်သော။ အနေကဝိဟိတာ၊ များစွာကုန်သော။ ယာ ဣမာ ဒိဋ္ဌိယော၊ အကြင် မှားသော အယူအမြင်တို့သည်။ လောကေ ဥပ္ပဇ္ဇန္တိ၊ လောက၌ ဖြစ်ပေါ်လျက် ရှိကုန်၏။ ဧတာ ဒိဋ္ဌိယော၊ ဤမှားသော အယူအမြင် ဒိဋ္ဌိတို့သည်။ ယတ္ထ စ ဥပ္ပဇ္ဇန္တိ၊ အကြင် ခန္ဓာငါးပါး၌လည်း ဖြစ်ကုန်၏။ ယတ္ထ စ အနုသေန္တိ၊ အကြင် ခန္ဓာငါးပါး၌လည်း ကိန်းကုန်၏။ ယတ္ထ စ သမုဒါစရန္တိ၊ အကြင် ခန္ဓာငါးပါး၌လည်း မပြတ် ဖြစ်ကုန်၏။ တံ၊ ထို ဒိဋ္ဌိတို့၏ဖြစ်ရာ ကိန်းရာ မပြတ်ဖြစ်ရာ ဘုံအာရုံဖြစ်သော ခန္ဓာငါးပ်း ရုပ်နာမ်တရားကို။ နေတံ မမ - န ဧတံ မမ၊ ဤသည်ကား ငါ့ဥစ္စာ မဟုတ်။ ဝါ၊ ငါ့ဥစ္စာအနေဖြင့် သာယာသိမ်းပိုက်သင့်သော အရာမဟုတ်ဟူ ၍လည်းကောင်း။ နေသောဟမသ္မိ - န ဧသော အဟံ အသ္မိ၊ ဤသည်ကား ငါမဟုတ် ငါပဲဟု အထင်ကြီးစရာ မာန်တက်စရာ မဟုတ်ဟူ၍လည်းကောင်း။ န မေသော အတ္တာတိ န မေ ဧသော အတ္တာတိ၊ ဤသည်ကား ငါ၏ အတ္တကောင် အထည်ကိုယ် မဟုတ် - အနတ္တသဘောတရားမျှသာဟူ၍လည်းကောင်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤသဘောကို။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ မှန်စွာ သိသော ဝိပဿနာပညာ မဂ်ပညာဖြင့်။ ပဿတော၊ ရှုမြင်သော ပုဂ္ဂိုလ်အား။ ဧဝံ၊ ဤသို့ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်ခြင်းဖြင့်။ ဧတာသံ ဒိဋ္ဌီနံ၊ ဤဆိုခဲ့သော အယူမှား အမြင်မှားတို့ကို။ ပဟာနံ ဟောတိ၊ ပယ်ခြင်း ဖြစ်ပေ၏။ ဧဝံ၊ ဤသို့ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်ခြင်းဖြင့်။ ဧတာသံ ဒိဋ္ဌီနံ၊ ဤဆိုခဲ့သော အယူမှား အမြင်မှား ဒိဋ္ဌိတို့ကို။ ပဋိနိဿဂ္ဂေါ ဟောတိ၊ လုံးဝ စွန့်ခြင်း ဖြစ်ပေ၏။
ဒါက မြတ်စွာဘုရား အဖြေပဲ။
ဒီအမေးနဲ့ အဖြေ ၂-ခုလုံးဟာ သဘောပေါက် နားလည်ဘို့ မလွယ်ဘူး၊ ခက်တယ်။
အမေးမှာ နှလုံးသွင်းခါစနဲ့ ဒိဋ္ဌိအယူမှားတွေကို ပယ်နိုင်ပါသလားလို့ မေးထားတယ်။
အဲဒီမှာ နှလုံးသွင်းခါစဆိုတာ ဘာကို ရည်ရွယ်သလဲလို့ သိဘို့ ခက်တယ်။
အဖြေမှာ ဒိဋ္ဌိအယူမှားတွေ ဖြစ်ပွားရာဘုံ အာရုံဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ငါ့ဥစ္စာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ်လို့ ရှုမြင်လျှင် အဲဒီ ဒိဋ္ဌိအယူမှားတွေကို ပယ်စွန့်ခြင်း ဖြစ်တယ်လို့ ဖြေထားတယ်။
အဲဒီမှာ ဘယ်လို ရှုရမလဲ၊ ဘယ်လောက် ရှုရမလဲ စသည်ဖြင့် တိတိကျကျ သိဘို့ ခက်တယ်။