ဘဒ္ဒေကရတ္တသုတ် တရားတော် - မဟာစည်ဆရာတော်

ဘုန်းကြီးက တရားဟောလို့ရှိရင် မြတ်စွာဘုရားဟောတဲ့ သုတ်တရားတခုခုကို မူတည်ပြီးတော့ ဟောရတယ်။ ဒီအတိုင်း အလွတ် ရုပ်နာမ်တရား လျောက်ပြီး ဟောသွားမယ်ဆိုရင်လဲပဲ ဖြစ်နေတာပါပဲ။ မြတ်စွာဘုရား ဟောတော်မူတဲ့တရား အရင်းခံကလေးကို အခြေတည်ပြီးတော့ ဟောရတာက ပိုပြီးတော့ လေးလေးနက်နက် ရှိပါတယ်။ ဒါကြောင့် မြတ်စွာဘုရားဟောတော်မူတဲ့ တရားလေးတခုကို မူတည်ရမယ်။

ဘာတရားလေး ဟောရမှာလဲ ဆို၊ 'နိကာယ်ငါးရပ်'မှာ 'မဇ္ဈိမနိကာယ်'က ပဏ္ဏာသသုံးကျမ်း ရှိတယ်။ 

အဲဒီ သုံးကျမ်းထဲက ဥပရိပဏ္ဏာသမှာ ဘဒ္ဒေကရတ္တသုတ်ဆိုတာ ရှိတယ်။ တရားတိုတို ဟောဖို့ရာ ဟောလဲပဲ ဘဒ္ဒေကရတ္တသုတ်ဟာ ကောင်းပါတယ်။ တိုတိုနဲ့လဲ ပြီးနိုင်တယ်။ ရှည်ရှည်ဟောရင်လဲ ရှည်တာပဲ။ ပြီးတော့ ဝိပဿနာတရားကို တိုက်ရိုက်ဟောပြီးတော့ ထားတဲ့ တရားပဲ။ 

အဲဒီ ဘဒ္ဒေကရတ္တသုတ်ဟာ အင်မတန်လဲပဲ အလေးပြုစရာ ကောင်းပါတယ်။ 

သူ့နာမည်ကိုက 'ဘဒ္ဒ'တဲ့၊ 'ဧက'တဲ့၊ 'ရတ္တ'တဲ့။

'ဘဒ္ဒ'ဆိုတာ ကောင်းတယ်တဲ့။

'ဧက'ဆိုတာက တခု။

'ရတ္တ'ဆိုတာက ညဉ့်။

အင်း ... ကောင်းသော ညဉ့်တခု၊ ကောင်းသောအချိန်ကာလ ရစေနိုင်တဲ့ တရားပဲတဲ့။

ဗမာလို ချောချော ပြန်မယ်ဆိုလို့ရှိရင်တော့ 'အခါကောင်း မင်္ဂလာကောင်းကို ရစေနိုင်တဲ့ တရား'လို့ ဆိုလိုတာပေါ့။

အခါကောင်း မင်္ဂလာကောင်း ဆိုတာ အခု လောကလူတွေက အကုန်လုံးပဲ အလိုရှိကြတယ်။ လူမျိုးတိုင်း လူမျိုးတိုင်း ဘာသာတိုင်း ဘာသာတိုင်း အရပ်တိုင်း အရပ်တိုင်းမှာ မင်္ဂလာအခါကောင်းဆိုတာ အင်မတန် ရွေးကြတာပဲ။ အဲဒီ မင်္ဂလာအခါကောင်းကို ရစေနိုင်တဲ့ တရားပဲ။ ဒီတရားက ဒါကြောင့် 'ဘဒ္ဒေကရတ္တသုတ်'လို့ ခေါ်တယ်။

ဟိုအခါ ကာလတုန်းက ငါးကြိမ် ခြောက်ကြိမ်လောက်ဟောဖူးပါတယ်။

ဒီ ဘဒ္ဒေကရတ္တသုတ်ဟာ သံဂါယနာတင်ထားတဲ့ အစီအစဉ်အရအားဖြင့်ဆိုရင်မြတ်စွာဘုရားကိုယ်တော်တိုင် ရဟန်းတွေအများစုကို ဟောတယ်။ မြတ်စွာဘုရားက အရှင်အာနန္ဒာကို တခါပြန်ပြီးသကာလ ဟောကြားတယ်။ အရှင်အာနန္ဒာက မြတ်စွာဘုရားဟောတော်မူတဲ့ ဒေသနာတော်ကို တဆင့် ပြန်ပြီး ရဟန်းတော်တွေကို ဟောတယ်။ 

နောက် နတ်တဦးက အရှင်သမိဒ္ဓိယဆိုတဲ့ မထေရ်ကို မနက်စောစော တပေါဒါမြစ်မှာ အရှင်သမိဒ္ဓိယ ရေချိုးပြီးတဲ့နောက် ကိုယ်မှာ ရေခြောက်အောင်လို့ ခေတ္တ ရပ်တည်ပြီးတော့ နေတုန်း အဲဒီ နတ်က ရောက်လာတယ်။ တပေါဒါမြစ်ဆိုတာဟာ ရေပူချောင်းကလေးပါပဲ။ ရေပူချောင်းကလေး။ အဲဒါ ရာဇဂြိုဟ်ပြည်မှာ ရှိပါတယ်။ ဟို ရှေးတုန်းကတော့ ဘယ်လို အခြေအနေရှိမယ်တော့ မပြောတတ်ဘူး။ အခုတော့ တမင်တကာ အဆောက်အဦတွေ ဘာတွေနဲ့ လုပ်ထားလို့ ရှုပ်ပွေလို့ပါပဲ။ ရေချိုးတဲ့သူတွေနဲ့ ရှုပ်လို့ပါပဲ။ ဘုန်းကြီးများ ရောက်ခဲ့တယ်။ အဲ ရေပူချောင်းကလေးပါပဲ။

အဲဒီ တပေါဒါမြစ်မှာ အရှင်သမိဒ္ဓိယမထေရ် ရေချိုးပြီးတော့ ကိုယ်မှာ ရေခြောက်အောင်လို့ ခေတ္တခဏ ရပ်ပြီးနေတုန်း နတ်တပါးက လာပြီးတော့ မေးမြန်းတယ်။

အရှင်ဘုရား တဲ့ ... ဘဒ္ဒေကရတ္တသုတ် အကျဉ်း အကျယ် အရှင်ဘုရား ရပါရဲ့လား တဲ့ ... မေးတယ်။

မရဘူးတဲ့ ... အသင် နတ်ကော ရသလားလို့ ပြန်ပြီးတော့ မေးတယ်။

ကျုပ်လဲ မရဘူး။

ဒါဖြင့် ဘဒ္ဒေကရတ္တသုတ် ဂါထာကလေးများ ရသလားတဲ့။ နတ်က တခါ ထပ်မေးတော့ ဂါထာလဲ မရဘူးတဲ့။ အသင် နတ်ကော ရသလားတဲ့။ သူလဲ မရဘူး ဆိုပြီးတော့ နတ်က တိုက်တွန်းလို့ သွားတယ်။ အရှင်ဘုရား တဲ့ ... ဘဒ္ဒေကရတ္တသုတ်ဟာ အင်မတန် ကောင်းတယ်။ အဲဒါ အရှင်ဘုရား နာလဲ နာပါ၊ မှတ်လဲ မှတ်ပါ၊ ဆောင်လဲ ဆောင်ပါ၊ ကျေးဇူးများပါတယ် ဆိုပြီးတော့ သူက ပြောသွားလို့ အဲဒါနဲ့ပဲ အဲဒီ ရဟန်းက မြတ်စွာဘုရားကို ဒီနတ်က လာပြီး‌ ပြောတဲ့အကြောင်း  အတ္ထုပ္ပတ္တိတွေ အကုန်လုံး ဖော်ပြပြီးတော့ တရားဟောတော်မူရန် လျှောက်ထား တောင်းပန်တာကြောင့် အဲဒီမှာလဲ တကြိမ် ဟောတယ်။ 

နောက်တခါ လောမသကင်္ဂီယ ဆိုတဲ့ မထေရ်တပါး ... မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ အခိုက်အတန့်။

လောမသကင်္ဂီယ ဆိုတဲ့ မထေရ်က မြတ်စွာဘုရား၏ ဇာတိအရပ်ဖြစ်တဲ့ ကပိလဝတ္ထုမြို့မှာ နိဂြေါဓာရုံကျောင်းတော်မှာ သီတင်းသုံးနေတယ်တဲ့။ ဒီအခါမှာ နတ်တဦးက လာပြီးတော့ အဲဒီ မထေရ်ကို လျှောက်ပြန်တယ်။

အရှင်ဘုရား ဘဒ္ဒေကရတ္တသုတ်များ ရပါရဲ့လားလို့ ဆိုတော့ မရဘူးတဲ့။

အသင်နတ်ကော ရရဲ့လား တဲ့။

သူတော့ အကျယ်တော့ မရဘူးတဲ့။  အကျဉ်းတော့ ရတယ်တဲ့။ အစတုန်းကတော့ အကျယ်လဲ ရတယ်လို့ ပြောတယ်။ အင်မတန် ကောင်းတယ် တဲ့။ ဘဒ္ဒေကရတ္တသုတ်ဟာ တပည့်တော်တို့ နတ်ပြည်မှာ မြတ်စွာဘုရား ပဏ္ဍုကမ္ဗလာကျောက်ဖြာပေါ် သီတင်းသုံးနေတုန်းက မြတ်စွာဘုရား ဟောတဲ့ တရားပဲတဲ့။ အဲဒီတုန်းက နာကြားရတယ် တဲ့။ အဲဒီတုန်းက မှတ်ထားတယ်။ အစကတော့ အကျဉ်းရော အကျယ်ရော အကုန်လုံး ရနေတာပါပဲ တဲ့။

နောက်တော့ တဖြည်းဖြည်းနဲ့ နတ်ပြည်ဆိုတာ ကာမဂုဏ် အာရုံတွေက များတာကိုး၊ ကြာတော့ မေ့ကုန်တာပေါ့။ နတ်ပြည် မပြောနဲ့၊ လူ့ပြည်တောင် မေ့လွန်းလို့ တော်တော်ကြာ မေ့မေ့သွားတယ်။ အမြဲမပြတ် ရွတ်ဖတ် နှလုံးသွင်းနေနိုင်မှ ဖြစ်တာ။ ရွတ်ဖတ် နှလုံးသွင်း မနေရင်တော့ မေ့ကုန်တာပဲ။ အဲဒါကြောင့် အကျယ်တော့ မရဘူးတဲ့၊ အကျဉ်းပဲ ရတယ်တဲ့။

အရှင်ဘုရား ... အဲဒီ ဘဒ္ဒေကရတ္တတရားတော်ကို ဆောင်ထားပါ ဆိုပြီးတော့ သူ့ကိုလဲပဲ တိုက်တွန်းသွားတယ်။

ဒီ လောမသကင်္ဂီယ မထေရ်ကလဲ မနက်လင်းတယ်ဆိုလို့ရှိရင် တခါတည်း သပိတ် သင်္ကန်း နေရာထိုင်ခင်းတွေ ကျောင်းတွေ သိမ်းဆည်းပြီး သပိတ် သင်္ကန်း ယူပြီးတော့ ကပိလဝတ်မြို့တော်က နေပြီး သာဝတ္ထိမြို့ မြတ်စွာဘုရား ရှိရာကို ကြွတယ်။

မြတ်စွာဘုရားဆီ ရောက်တဲ့အခါကျတော့ သူ့အတ္ထုပ္ပတ္တိတွေ ပြန်ပြီးတော့ လျှောက်ထားတယ်။ အဲဒီ အခါကာလကျတော့ မြတ်စွာဘုရားက -

သင် သိရဲ့လား တဲ့၊ အဲဒီနတ်က ဘယ်သူတုန်း? ဆိုတော့ -

မသိဘူး တဲ့၊ နတ်နာမည် မမေးလိုက်မိဘူး တဲ့။

အဲဒီ နတ်က 'စန္ဒန' ခေါ်တယ်၊ 'စန္ဒန'နတ်သားလို့ ခေါ်တယ် တဲ့။

သူက ကဿပမြတ်စွာဘုရား လက်ထက်တော်အခါကာလတုန်းက ဒကာတယောက်ပဲလို့ ပြောတယ်။ 'စန္ဒန'ဆိုတဲ့ ဒကာကြီးတယောက်ပဲတဲ့။ အဲဒီ ကဿပမြတ်စွာဘုရား၏ သာသနာတော်မှာ ကုသိုလ်ကောင်းမှုတွေ ပြုပြီး နတ်ပြည်ရောက်နေတယ်။ မြတ်စွာဘုရား တာဝတိံသာတက်ပြီးတော့ အဘိဓမ္မာတရား ဟောရင်း ဟောရင်း ဒီလိုသုတ္တန်နဲ့ဆိုင်တဲ့ တရားလေးတွေလဲ တခါ တခါ ကြားညှပ် ကြားညှပ်ပြီး သကာလ ဟောရတယ်။ အဲဒီ ဟောတုန်းက သူဟာ ရိုရိုသေသေ နာပြီးတော့ မှတ်ဆောင်ပြီးတော့ ထားတာတဲ့။ အဲဒီ စန္ဒနနတ်သားပဲ ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိပြီးတော့ အဲဒီအခါမှာလဲပဲ မြတ်စွာဘုရားက ဒီ ဘဒ္ဒေကရတ္တသုတ်ကို တခါ ဟောကြားတယ်။ 

အားလုံး စုစုပေါင်းဆိုရင် သံဃာယနာကျမ်းစာတွေမှာ တိုက်ရိုက် ဖော်ပြထားတာပေါ့လေ ... ငါးကြိမ် ခြောက်ကြိမ်လောက် ရှိတယ်။ အဲဒီပြင် သံဂါယနာကျမ်းစာတွေမှာ မဖော်ပြဘဲနဲ့ ဟောတဲ့ဟာတွေက အများကြီး ရှိမှာပေါ့။ အဲဒါတွေကတော့ အကုန်လုံး ဖော်ပြမထားဘူး။ အဲဒီတော့ ဒီတရားက အင်မတန် ကောင်းပါတယ်။ တချို့ပုဂ္ဂိုလ်တွေလဲ ရချင်လဲ ရနေကြလိမ့်မယ်။ တချို့လဲ ကြားဖူး နာဖူး ရှိလိမ့်မယ်။ သို့သော်လဲ ဒီတရားမျိုးကလဲပဲ ကြားတော့ ကြားရခဲတယ်။ ဘာပြုလို့တုန်းဆိုတော့ ဝိပဿနာတရားလို နက်နဲတဲ့ တရားတွေ သိပ်မဟောကြဘူး။ လွယ်လွယ်တွေ ဟောပြီးတော့ နေကြတယ်။ အဲဒါကြောင့် တချို့ကလဲ မကြားဖူးသေးဘူး။ မကြားဖူးသေးရင်လဲ အသစ်ပေါ့လေ။ ကြားဖူးတဲ့ ပုဂ္ဂိုလ်တွေလဲပဲ ဒါ အဟောင်းကို ပြန်ပြီးတော့ နာကြားရတာပေါ့။ နာဖူးရင် ထပ်မံပြီးတော့ ဟောရမယ်တဲ့။ ဘုန်းကြီးများက တာဝန်ဝတ္တရား ရှိတယ်။ ဒီတော့ ရှေးက ကြားဖူး နာကြားဖူးပေမယ်လို့ အဲဒီတုန်းက နာဖူးတဲ့ တရားကလဲ တမျိုးပေါ့လေ။ အဲဒီတုန်းက ဟောတဲ့ပုဂ္ဂိုလ်ရဲ့ အာဝဇ္ဇန်းနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ဉာဏ်နဲ့ သူ့သဘောကျ ဟောသွားမှာကိုး။ အဲ ... ဘုန်းကြီးများ ဟောတာလဲ တမျိုးဖြစ်မှာပါပဲ။ ဒီဟာကတော့ တပါးနဲ့တပါးကတော့ သိပ်မတူဘူး။ တပါးတည်းတောင်မှ အခုတခါ ဟောရင် တမျိုး၊ နောက်တခါ ဟောရင်ဖြင့်လဲ တမျိုး ဖြစ်ချင်လဲ ဖြစ်မှာပဲ။ သို့သော်လဲ တရားအရင်းခံကတော့ မပြောင်းပေမယ်လို့ ဘေးနားက နားလည်အောင် အသိုင်းအဝိုင်း ဟောတာလေးတွေကတော့ နည်းနည်းပါးပါး ကွဲလွဲပြီးတော့ သွားတယ်။ အဲဒါကြောင့် အဲဒီ ဘဒ္ဒေကရတ္တသုတ် ဒီက ဟောမယ်။ ရိုရိုသေသေ နာကြားကြပေါ့လေ။

  • အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။ ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။
  • ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။ အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။
  • အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။ န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။
  • ဧဝံဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။ တံ ဝေ 'ဘဒ္ဒေကရတ္တော'တိ၊ သန္တော အာစိက္ခတေ မုနီ။

အဲဒါ ဘဒ္ဒေကရတ္တသုတ် ခေါင်းစဉ်အကျဉ်းချုပ် ဂါထာ ၄-ဂါထာပါပဲ။ အဲဒီ ၄-ဂါထာဆိုရင် ပြည့်စုံနေတာပါပဲ။

  • အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။

         ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။

  • ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။

         အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။

  • အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇည မရဏံ သုဝေ။

         န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

  • ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။

         တံ ဝေ 'ဘဒ္ဒေကရတ္တော'တိ၊ သန္တော အာစိက္ခတေ မုနီ။

အတီတံ - လွန်လေပြီးသော၊

ယံ ခန္ဓာပဉ္စကံ - အကြင် ခန္ဓာငါးပါးအပေါင်းသည်၊

အတ္ထိ - ရှိ၏၊

တံ - ထို ခန္ဓာငါးပါးအပေါင်းသည်၊

ပဟီတံ - ပျောက်ကွယ်ခဲ့လေပြီ၊

တသ္မာ - ထို့ကြောင့် အတီတံ ပျောက်ကွယ်လေပြီးသော အတိတ်ခန္ဓာငါးပါးတရားကို၊

နနွာဂမေယျ။ နနုအာဂမေယျ - တဖန် ပြန်၍ မလာစေရာ။

အတိတ်တရား၊ ပါဠိလို - အတီတ၊ ဗမာလိုက အတိတ်ဆိုပြီး ပြန်ထားတယ်။ ဗမာလို သက်သက်ဆိုလို့ရှိရင်တော့ လွန်ပြီးသော တရား၊ လွန်ပြီး ချုပ်ပြီးသော တရားတွေ တဲ့။ အဲဒါ အတိတ်တရားတွေလို့ ခေါ်တယ်။ အဲဒီ အတိတ်တရားတွေကိုလဲ ပြန်ပြီး မလာပါစေနဲ့ တဲ့။

အနာဂတံ - မရောက်လာသေးသော၊ 

ယံ - အကြင် ခန္ဓာငါးပါးအပေါင်းသည်၊

အတ္ထိ - ရှိ၏၊

တဉ္စ - ထိုခန္ဓာငါးပါးအပေါင်းသည်လည်း၊

အပ္ပတ္တံ - မဖြစ်ပေါ်လာသေး၊

တသ္မာ - ထို့ကြောင့် အနာဂတံ မရောက်လာသေး မဖြစ်လာသေးသော ခန္ဓာငါးပါးအပေါင်းကို၊

နပ္ပဋိကင်္ခေ - မမျှော်လင့် မတောင့်တရာ။

အနာဂတက ပါဠိလို၊ အနာဂါတ်တဲ့၊ အနာဂါတ်ဆိုတာ မဖြစ်သေးဘူး။ နောက်မှ ဖြစ်မယ့် ဥစ္စာ၊ အဲဒီ မဖြစ်သေးတဲ့ ခန္ဓာငါးပါးတရားတွေလဲ ရှိတယ်တဲ့။ အခု မဖြစ်ကြသေးဘူး၊ မရှိကြသေးဘူး။ အဲဒီ မရှိသေးတဲ့ ခန္ဓာငါးပါး အနာဂတ်တရားတွေ။

လွန်ခဲ့ပြီးသားတွေလဲပဲ ပြန်ပြီးတော့ မလာစေနဲ့၊ 

အနာဂတ်တရားတွေလဲ မျှော်လင့်တောင့်တခြင်း မပြုနဲ့ တဲ့။

ပစ္စုပ္ပနဉ္စ ယံ ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။

ပစ္စုပ္ပနံ - အကြောင်းတရားကို စွဲ၍ ဖြစ်ပေါ်ဆဲဖြစ်သော၊

ယံ ဓမ္မံ - အကြင် တရားကိုလည်း၊

တတ္ထ တတ္ထ - ထိုထို ဖြစ်ဆဲ ဖြစ်ဆဲ ခဏ၌၊

ဝိပဿတိ - အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့် ရှု၏ တဲ့။

ဖြစ်ဆဲ ဖြစ်တဲ့ ပစ္စုပ္ပန်တရား၊ အကြောင်းကို စွဲပြီးတော့ ယခု ဖြစ်တဲ့ တရား၊ အဲဒီ ပစ္စုပ္ပန်တရားကို ဝိပဿနာရှုရမယ်တဲ့။ စကားလေး ၃-ခုပါပဲ။ 

အတိတ်လွန်ခဲ့ပြီးသော တရားတွေ ပြန်မလာပါစေနဲ့။

အနာဂါတ် နောင်ဖြစ်မယ့်တရားတွေလဲ မျှော်လင့် တောင့်တပြီးတော့ မနေနဲ့။

ပစ္စုပ္ပန်ဖြစ်ပေါ်တဲ့ တရားကို ဖြစ်ဆဲ ဖြစ်ဆဲ ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှု။

ဒါလေး သုံးခုပါပဲ။

ကဲ ဒါလေးကို ဆိုတတ်မှ ကောင်းတယ်။ ဒါ ဘာမှတော့ မခက်ဘူး။ မခက်ပေမယ့် ဒီအတိုင်း ပြောလို့ရှိရင် မှတ်လို့ တယ်မလွယ်လှဘူး။

  • အတိတ် အဟောင်းကို မပြန်နှင့်။
  • အနာဂါတ် အသစ်ကို မကြံလင့်။
  • ဖြစ်ဆဲ ရုပ်နာမ် ပစ္စုပ္ပန် အမှန်သိအောင် ရှုမှတ်ပါ။ (၃-ခေါက် ဆို)

အတိတ် အဟောင်းကို မပြန်လင့် တဲ့။ အတိတ် အဟောင်းတွေကို ပြန်မနေနဲ့တဲ့။ အတိတ်အဟောင်းတွေ မရှိတော့ဘူး။ ပြီးသွားပြီ တဲ့။ အဲ ပြီးပြီးသားတွေဟာ ပြီးပြီးသားအတိုင်း ထားလိုက်မှပေါ့။ ပြီးပြီးသာတွေ ပြန်ပြီးတော့ ကိုယ့်စိတ်က ယူလို့ရတာ မဟုတ်တော့ဘူး။ ဥပမာဆိုပါတော့ - ကနေ့ အချိန်ပိုင်းဆို မနက်ပိုင်းက ဥစ္စာတွေ၊ အခု ညနေပိုင်းကျရင် မနက်ပိုင်း နေ့လယ်ပိုင်းက အခြေအနေတွေ၊ ညနေပိုင်းကျတော့ မနက်ပိုင်း နေ့လယ်ပိုင်းက အခြေအနေတွေ ပြုလုပ်လို့ မဖြစ်တော့ဘူး။ မနက်ကဟာ ပြီးသွားပြီ၊ နေ့လယ်ကဟာ ပြီးသွားပြီး ညနေပိုင်း ရောက်လာတယ်။ အဲဒီ ညနေပိုင်းကလဲ နက်ဖြန်ခါကျလို့ရှိရင် ဒီကနေ့ ကုန်သွားပြီ။ ဒီကနေ့ စနေနေ့ဆိုလို့ရှိရင် မနက်ဖြန်ခါ တနင်္ဂနွေ။ စနေနေ့က အခြေအနေတွေ ပြန်လုပ်လို့ မဖြစ်တော့ဘူး။ ပြီးပြီးသားဟာ ပြီးကုန်တာပဲ။ ပြန်လုပ်လို့ မရတော့ဘူး။ ဒါကြောင့်မို့ အတိတ်အဟောင်းတွေကို ပြန်မနေနဲ့။

ကထဉ္စ ဘိက္ခဝေ ဘိက္ခု၊ အတီတံ အနွာဂမေတိ။

ဘိက္ခဝေ - ရဟန်းတို့၊

ကထဉ္စ - ဘယ်ပုံ ဘယ်နည်းဖြင့်၊

အတီတံ - လွန်ခဲ့ပြီးသော တရားကို၊

အနွာဂမေတိ - လာစေသနည်း။

အင်း ... လွန်ခဲ့ပြီးသော တရားတွေ၊ အတိတ်တရားတွေ ပြန်လာနေတယ်ဆိုတာ ဘယ်ပုံ ဘယ်နည်း လာနေတာလဲဆိုလို့ရှိရင် -

'ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနံ'န္တိ တတ္ထ နန္ဒိံ သမနွာနေတိ။

အဟံ - ငါသည်၊

အတီတအဒ္ဓါနံ - လွန်ခဲ့ပြီးသော အတိတ်ကာလ၌၊

ဧဝံရူပေါ - ဤသို့သဘောအဆင်း ရှိခဲ့သည်၊ ဤသို့ ရုပ်ရှိခဲ့သည်၊

အဟောသိ - ဖြစ်ခဲ့လေပြီ၊

ဣတိ - ဤသို့၊

နန္ဒိံ - နှစ်သက်ခြင်းကို၊

သမနွာ နေတိ - တဖန် ပြန်လာစေ၏။

ရှေးအတိတ်တွေ ပြန်ပြီးတော့ စဉ်းစားပြီး အတိတ်အကြောင်းတွေ၊ ရှေးက မနက်ကဟာ ဖြစ်စေ၊ နေ့လယ်ပိုင်းကဟာ ဖြစ်စေ၊ မနေ့ တနေ့ကဟာ ဖြစ်စေ၊ အရင်လကဟာ ဖြစ်စေ၊ အရင်နှစ်ကဟာ ဖြစ်စေ၊ ငယ်ငယ်တုန်းက အကြောင်းအရာတွေ ဖြစ်စေ ပြန်ပြီးတော့ စဉ်းစားတယ်။

အဲဒီ ရှေးအခါ ကာလတုန်းက ဖြစ်ခဲ့ရတာတွေလဲ ရှိတယ်၊ ကြားခဲ့ရတာတွေလဲ ရှိတယ်၊ နံခဲ့ရတာတွေလဲ ရှိတယ်၊ စားခဲ့ရတာတွေလဲ ရှိတယ်၊ တွေ့ထိခဲ့ရတာတွေလဲ ရှိတယ်၊ စိတ်ကူး စဉ်းစား ကြံစည်ခဲ့ရတာတွေလဲ ရှိတယ်။ အဲဒီတုန်းက တွေ့ခဲ့တဲ့ ရုပ်လဲ ရှိတယ်၊ နာမ်လဲ ရှိတယ်။ အကျဉ်းချုပ်တော့ ရုပ်နဲ့နာမ်ပဲ ပြောကြပါစို့ရဲ့။ မြတ်စွာဘုရားကတော့ ခန္ဓာငါးပါးနဲ့ ဟောထားပါတယ်။ အဲ ... ရုပ်လဲ ရှိတယ်၊ နာမ်လဲ ရှိတယ်။ အဲဒီ ရုပ်နာမ်တရားတွေဟာ ဟိုအခါတုန်းက ရှိခဲ့တာပဲ။ အခု မရှိတော့ဘူးတဲ့။ သို့သော်လဲပဲ လောကလူတွေရဲ့ အထင်အမြင်၊ သတ္တဝါတွေရဲ့ အထင်အမြင်က ဘယ့်နှယ် ထင်နေတုန်းဆိုတော့ ဟိုတုန်းက ဟာတွေလဲ ခု ရှိနေတယ် ထင်နေတယ်။ ငယ်ငယ်တုန်းက ... အရင်ရက် ... အရင်လတွေတုန်းက ရှိခဲ့တဲ့ ငါပဲ ... ခု ရှိနေတာပဲလို့ ဒီလို ထင်နေတယ်။

ဟိုတုန်းက ဖြစ်ခဲ့တာတွေ ... ဟိုတုန်းက ကြားခဲ့တာတွေ ... ဟိုတုန်းက သိခဲ့တာတွေ ... ဟိုတုန်းက တွေ့ခဲ့တာတွေ ... ဟိုတုန်းက ခံစားခဲ့တာတွေ ... အဲဒီဟာတွေကလဲ အခု ငါပဲလို့။ 

ဟိုတုန်းကလဲ ငါပဲ၊ ခုလဲ ငါပဲ။ တယောက်တည်းပဲလို့ ထင်နေတယ်။

ကိုယ်နဲ့စပ်ပြီးတော့ နေတဲ့ တခြားပုဂ္ဂိုလ်တွေလဲ ဟိုတုန်းကလဲ သူပဲ၊ ခုလဲ သူပဲလို့၊ ဟိုတုန်းက ရှိနေတဲ့အတိုင်းပဲ အခု ရှိနေတယ်လို့ ထင်နေတယ်။

အမှန်ကတော့ အဲဒီလို မဟုတ်ဘူး။

ဟိုတုန်း အခါကာလတုန်းက ရှိခဲ့တဲ့ ရုပ်နာမ်တွေဟာ ဟိုတုန်းကပဲ ရှိတာပဲ။ အခု မရှိတော့ဘူး တဲ့။ အကုန်လုံး ပျောက်ကုန်ပြီ တဲ့။ အဲဒါ အကုန်လုံး ပျောက်ကုန်တာကို ဘယ်လိုလုပ် သိရသလဲဆိုရင် အကြမ်းဖျင်းကတော့ဖြစ်ရင် အခု ငယ်ငယ်က အခြေအနေတွေ ပြန်ကြည့်ပေါ့။ ငယ်ငယ်တုန်းက ... ကလေးငယ်ငယ်လေးတုန်းက ဖြစ်ခဲ့တဲ့ ရုပ်နဲ့ အရွယ်ကြီးလာတဲ့အခါကာလ ရှိတဲ့ ရုပ် ... တူမှ မတူတာပဲ။ ကလေးငယ်ငယ်တုန်းက နုနုပျိုပျို စိုစို ရှိခဲ့တဲ့ ရုပ်တွေပဲ၊ အဲဒါ အရွယ်ကြီးလာလေလေ တမျိုးတမည် ပြောင်းပြောင်းပြီး လာတယ်။ အင်မတန် အရွယ်ကြီးလာတဲ့အခါကာလကျတော့ ဆံဖြူ သွားကျိုး စသည်ဖြင့် အများကြီးကို ပြောင်းလဲသွားပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ပုံရိုက်ထားလို့ရှိရင်ဖြင့် ကြီးတဲ့အခါကာလကျတော့ ရိုက်တဲ့ ဓာတ်ပုံနဲ့ ချိန်ကြည့်ရင် ပုံထဲကို ကွာနေပါတယ်။ ဘာမှကို မတူတော့ဘူး။ အပုံပဲ ပြောင်းလွဲကုန်တယ်။ အဲဒါဟာ အကြမ်းဖျင်း သိရတာကိုး။ 

အနုစိတ် သေသေချာချာ သိချင်လို့ရှိရင်တော့ တရားနှလုံးသွင်း အားထုတ်မှပဲ ဖြစ်လိမ့်မယ်။ ဒါကတော့ မြတ်စွာဘုရား ဟောတဲ့ အခါကာလမှာလဲပဲ ဒီလိုပဲ ခပ်ကြမ်းကြမ်းတော့ ဒီလို ဟောနိုင်တာပဲ။ သေသေချာချာ အားထုတ်ကြည့်မှ အသေးစိတ် သိနိုင်တယ်။

အသေးစိတ်ကတော့ အခုဟောတဲ့ တရားအစဉ်အတိုင်း ပစ္စုပ္ပန်တရားတွေကို ဖြစ်ခိုက် ဖြစ်ခိုက်ကလေးတွေ လိုက်ပြီး ရှုနေလို့ရှိရင် သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပေါ်ပြီး ပျောက်သွားတယ်၊ မမြဲတာတွေကို ကိုယ်တိုင် တွေ့ရမှာပဲ။

အဲဒီလို ရှေးအခါကာလက ရှိခဲ့တဲ့ တရားတွေဟာ ရှေးကာလကတည်းက အကုန်ပျောက်သွားပါပြီ။ မရှိပါဘူးတဲ့။ အဲဒီ မရှိတဲ့တရားတွေကို ပြန်ပြီးတော့ တဏှာနဲ့ ဒိဋ္ဌိနဲ့ စဉ်းစား ဆင်ခြင်ပြီးတော့ မနေပါနဲ့တဲ့။ ပြန်စဉ်းစားမနေပါနဲ့။ မရှိတဲ့ တရားတွေကို ရှိတဲ့ အနေအားဖြင့် နှလုံးသွင်းပြီးတော့ မနေပါနဲ့တဲ့။ ဥပမာအားဖြင့် ဘယ်လိုတုန်းဆိုရင် လူတယောက်ဟာ ရွှေတွေ ငွေတွေ အဖိုးတန်ပစ္စည်းတွေကို တနေရာရာမှာ သိမ်းထားတယ်တဲ့။ အဲဒီ သိမ်းထားတာကို တခြားပုဂ္ဂိုလ်က သိတာနဲ့ သူမသိတဲ့ အခိုက်အတန့်မှာပဲ အဲဒီ အခြားပုဂ္ဂိုလ်က တိတ်တိတ် ထုတ်ပြီးတော့ ယူသွားတယ်။ သူကတော့ လုံလုံခြုံခြုံပဲ သိမ်းထားတယ်၊ လုံလုံခြုံခြုံ သိမ်းထားတဲ့အတွက် သူ့စိတ်ထဲမှာ သူသိမ်းထားတဲ့ ရွှေတွေ ငွေတွေဟာ အကုန်လုံး ရှိနေတယ်လို့ သူ့စိတ်ထဲမှာ ထင်နေတယ်။ ထင်နေတော့ သူစိတ်ကူးတိုင်း စိတ်ကူးတိုင်း သူကတော့ ရှိနေတာပေါ့လေ။ သူသိမ်းထားတဲ့ နေရာမှာ ရွှေတွေက ဘယ်လောက် ရှိတယ်၊ ငွေတွေက ဘယ်လောက် ရှိတယ်၊ ဘယ်လို အဖိုးတန်ပစ္စည်းတွေက ဘယ်လောက် ရှိနေတယ်၊ ဒီကနေပြီးသကာလ ဘာလုပ်ပြီးတော့ ထုတ်ပြီးတော့ သုံးလိုက်မယ်၊ ဘယ်လို သုံးလိုက်မယ်၊ ဘယ်လို စွဲမယ် စသည်ဖြင့် သူ စဉ်းစားတယ်။ စဉ်းစားတိုင်း စဉ်းစားတိုင်း သူ့မှာ ရှိနေတယ်။ တကယ်တော့ ဟိုမှာ မရှိဘူး။ တကယ်ကတော့ ဟိုမှာ ဓာတ်သိပုဂ္ဂိုလ်က ထုတ်ပြီးတော့ ယူသုံးလို့ ရွေငွေဥစ္စာတွေက မရှိတော့ဘူး။ အဲ ... မရှိပေမယ်လို့ အဲဒီ ထားတဲ့ ပုဂ္ဂိုလ်က သူ့စိတ်ထဲမှာတော့ ရှိနေတယ်။ အဲဒါလို ဖြစ်နေတယ်။

အဲဒါလိုပဲ။ လောကမှာ ရှိတဲ့ သတ္တဝါတွေက ရှေးအခါကာလက ရှိခဲ့တဲ့ တရားတွေ အခု မရှိတော့ပါပဲနဲ့ ရှိတဲ့အနေအားဖြင့်လဲ စဉ်းစားနေတော့ အဲ ရှေးက ကိုယ်တွေ့ခဲ့တဲ့ ကြုံခဲ့တဲ့ ရုပ်နာမ်တရား ရုပ်တရား နာမ်တရားဆိုတာ စာပြောနဲ့ ပြောရတာပေါ့လေ။ ရှေးက ဖြစ်ခဲ့ ကြားခဲ့တာတွေ အကုန်လုံးပါပဲ။ ကိုယ့်ကိုယ်ရော သူ့ကိုယ်တွေရော အဲဒါတွေဟာ အစဉ်ရှိနေတယ်လို့ အောက်မေ့ပြီး ပြန်စဉ်းစားနေတာ။ ပြန်စဉ်းစားနေပေမယ်လို့လဲ ဟိုရှေးတုန်းက ရှိခဲ့တဲ့အတိုင်း အဲဒါတွေ တကယ်တော့ သူ့ဟာ မဖြစ်ပါဘူး။ ဥပမာ - တော်တော် အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ စဉ်းစားကြည့်ပေါ့။ ကိုယ်ငယ်ငယ်တုန်းက ပျော်ခဲ့တာမျိုး အခုပျော်ကြည့်စမ်းပါလား။ ရပါအုန်းမလား? လို့၊ မရဘူး။ ဟိုတုန်းက ပျော်ပျော်ပါးပါး နေခဲ့တာတွေ ရှိတယ်။ စားခဲ့ သောက်ခဲ့တာတွေ ရှိတယ်။ အဲဒါတွေမျိုး အခု စဉ်းစား စိတ်ကူးကြည့်ရင် ဘယ်ရမလဲ။ သူ့ဟာ ရှိမှ မရှိတော့ပဲနဲ့။ မရဘူး။ အဲဒါကြောင့် အဲဒီ မရှိတဲ့ ဥစ္စာတွေကို ရှိတဲ့အနေအားဖြင့် ပြန်လည်ပြီးသကာလ စဉ်းစားမနေပါနဲ့လို့ ဆိုလိုတယ်။

အဓိပ္ပာယ်က အတိတ်အဟောင်းကို မပြန်နဲ့ဆိုတာ အတိတ်အဟောင်းကို ပြန်စဉ်းစားမနေပါနဲ့။ အချို့ မစဉ်းစားပါနဲ့ဆိုလို့ စိတ်က မရဘူး။ သူ့ဟာသူ စိတ်က ရောက်,ရောက်သွားတာပဲ။ ဘယ့်နှယ်လုပ်မတုန်း။ အဲဒါ အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါကလေးကို ရှုရမယ်။ သူက ပစ္စုပ္ပန်တရားကလေးကို အဲ ... အတိတ်အဟောင်းက ရှေးက မြင်ခဲ့ဖူး ကြားခဲ့ဖူးတဲ့ဟာတွေသာ မရှိတာကိုး။ ပြန်စဉ်းစားတဲ့ စိတ်ကလေးကတော့ အခု ရှိနေတာပဲ။ သူက ပစ္စုပ္ပန်တရားလေး၊ ပစ္စုပ္ပန်တရားဆိုတာ အကြောင်းကို စွဲပြီးတော့ ယခု ဖြစ်နေတဲ့ တရားတဲ့။

ဖြစ်ဆဲရုပ်နာမ်၊ ပစ္စုပ္ပန်၊ အမှန်သိအောင် ရှုမှတ်ပါ။

အဲဒီဟာကလေးက တကယ် ရှိနေတာကလေး။ အဲဒါ‌လေးကတော့ ရှေးက မြင်ခဲ့တာ ကြားခဲ့တာတွေ တွေ့ခဲ့တာတွေ ပြန်ပြီး စဉ်းစား၊ အဲ ... စဉ်းစားတဲ့ စိတ်ကလေးကတော့ ရှိနေတယ်။ ဟို စဉ်းစားတဲ့ အာရုံကတော့ မရှိဘူး။ ဥပမာဆိုပါတော့ မနက်က စားခဲ့ သောက်ခဲ့တဲ့ အရသာတွေဟာ အခု မရှိတော့ဘူး။ မနက်က ကောင်းတာတွေ ဘယ်ရှိတော့မလဲ။ မရှိဘူး၊ ဘာမှ မရှိတော့ဘူး။ သို့သော်လဲပဲ အခု စဉ်းစားတဲ့ စိတ်ကလေးကတော့ ရှိနေတယ်။ အဲဒါ သူက ပစ္စုပ္ပန်တဲ့။ သူ့ကို ရှုရမှာကိုး၊ အရေးကြီးတာက သူလေး အရေးကြီးနေတာပဲ။ ပစ္စုပ္ပန်လေးက ရှိနေတာပဲ။

ဘာနဲ့ တူနေတုန်းဆိုတော့ .... လှည်းဘီးပေါ့လေ။ ရှေးက အညာသုံး ဥပမာပေးရမှာပဲ။ အခု မော်တော်ကားတွေလဲ အတူတူပါပဲ။ ဒါပေမယ့် လှည်းဘီးနဲ့ပဲ ပေးရမယ်။

မော်တော်ကားတွေက ဘီးတွေ များနေတယ်။ လှည်းဘီးက နှစ်ဘီးဆိုတော့ နည်းနည်း စဉ်းစားလို့ လွယ်တယ်။

အဲဒီ လှည်းဘီးများဟာလဲ ဘီးများဟာ လိမ့်နေတဲ့အခါလဲပဲ မြေကြီးပေါ် တနေရာက ထိတာပဲ။ ဒိပြင် အပိုင်းတွေက မထိဘူး။ ရပ်နေတဲ့အခါလဲ တနေရာက ထိတာပဲ။ ဒိပြင် အပိုင်းတွေက မထိဘူး။ တနေရာကတော့ သူ ထိနေတာပဲ။ ဒိပြင် အပိုင်းတွေက လွတ်နေတယ်။ 

အဲဒါလိုပဲ အတိတ် အနာဂါတ် ဆိုတဲ့ တရားတွေကတော့ ဟိုမှာ လွတ်နေတဲ့ဥစ္စာတွေပဲ။ ရှိတာတွေက ပစ္စုပ္ပန်ဆဲဆဲ ရှိတာပဲ။ အခု စဉ်းစားတဲ့ စိတ်ကလေး၊ စဉ်းစား ကြံစည်ပြီးတော့ နေတဲ့ စိတ်ကလေး၊ အဲဒါကလေးပဲ ရှိနေတယ်တဲ့။ ဒါကြောင့် အတိတ်အဟောင်းတွေ ပြန်စဉ်းစားလို့ရှိရင် အဲဒီ စဉ်းစားတဲ့ စိတ်ကလေးကို ရှုလိုက်ပါတဲ့။ 

ဒါလေး ရှုလိုက်ရင် ပြီးတာပဲ။ အလုပ်ကလေးက ဒီမှာ ရှိတယ်။ ပစ္စုပ္ပန်တရားလေးကို ရှုဖို့ အလုပ်ကလေး။ 

ပစ္စုပ္ပန်တရားမှာ ရှုလို့ရှိရင် ဘာဖြစ်သလဲဆိုရင် ပစ္စုပ္ပန်တရားမှာ ရှုလို့ရှိရင် ကိလေသာဆိုတာ ကင်းတယ်။ 

ပစ္စုပ္ပန် ယခု လောလောဆယ် မြင်နေတဲ့ စိတ်၊ ယခု လောလောဆယ် ကြားနေတဲ့ စိတ်၊ အဲဒါတွေကို မရှုဘူး၊ ဒါတွေကို အမှန်အတိုင်း မသိဘူးဆိုလို့ရှိရင် ကိလေသာ ဖြစ်တယ်။

အခု မြင်ရတာတွေဟာ မြင်တာက ငါပဲ။ မြင်တာလဲ ငါပဲ။ ဘယ်သူဘယ်ဝါပဲ။ အဲဒီ မြင်တာလဲပဲ အမြဲ ရှိနေတယ်။ မြင်ရတာလဲ အမြဲ ရှိနေတယ်။ ဒီလို စိတ်က ထင်နေတယ်။ အဲဒီလို ထင်နေတော့ နောင် ပြန်စဉ်းစားတိုင်း စဉ်းစားတိုင်း တကယ် ရှိတယ်လို့ ထင်နေတာ။ မြင်တဲ့ ငါဟာ ဟိုတုန်းက ကတည်းက မြင်တာဟာ အခုထက်ထိ ငါရှိနေတယ်။ ဟိုတုန်းက ကတည်းက မြင်ရတဲ့သူကလဲ ခုထက်ထိ သူက ရှိနေတယ်လို့ ဒီလို ထင်နေတာ။ 

အဲဒီလို ထင်နေတော့ အဲဒီ မြင်ရာကနေပြီး မရှုမှတ်လို့ရှိရင်လဲ မြင်ရာက နေပြီး စဉ်းစားတိုင်း ကိလေသာ ဖြစ်နေတယ်။ ထို့အတူ ကြားရက နေပြီးတော့လဲ ဒီလိုပဲ ကိလေသာတွေ ဖြစ်နေတာပဲ။ အဲဒီ လိုချင်စရာ နှစ်သက်စရာ သာယာစရာ အာရုံဆိုရင် ပြန်စဉ်းစားပြီးတော့ ဒါတွေ ပေါ်နေတာပဲ။

အခု အားလုံး စဉ်းစားကြည့်ပေါ့လေ။ လိုချင်နှစ်သက်မှု သာယာမှုတွေ ဘယ်က ဖြစ်နေသလဲဆိုရင် မြင်ဖူးရာကဟာတွေ စဉ်းစားပြီး စဉ်းစားပြီးတော့ ဖြစ်နေတာလဲ ရှိတယ်။ ကြားဖူးရာတွေလဲ စဉ်းစားပြီး စဉ်းစားပြီးတော့ ဖြစ်နေတယ်။ အဲ ... စိတ်ဆိုးစရာရှိလို့ စိတ်ဆိုးပြန်လဲ ဒီအတိုင်းပဲ။ ဒီနေရာကနေ စိတ်ဆိုးလာခဲ့တာက အဲဒါ နောက်ပြန် စဉ်းစားတိုင်း စဉ်းစားတိုင်း စိတ်ဆိုးတာတွေ ဒေါသတွေ ဖြစ်နေတယ်။ ကြားတိုင်း ကြားတိုင်းဟာ အဲ ... ကြားရာကနေပြီးတော့ ဖြစ်လာတယ်။ အဲဒါတွေ ပြန်စဉ်းစားပြီးတော့ ဒေါသတွေ ဖြစ်နေတယ်။

အဲဒီတော့ ကိလေသာတွေ ဘယ်က လာသလဲဆိုရင် မြင်ခိုက် ကြားခိုက်က စွဲလမ်းခဲ့တဲ့ အာရုံကလေးတွေက ရတာပေါ့။ အဲဒီ အစွဲအလမ်းတွေ မစွဲလမ်းရအောင်လို့ အခု မြင်တဲ့ ရုပ်နာမ် ပစ္စုပ္ပန်ကလေး ရှုပါတဲ့။

အဲ ... လွန်ခဲ့ပြီးသားဟာတွေ ပြန်ပြီး မစဉ်းစားပါနဲ့ တဲ့။ 

စဉ်းစားနေတဲ့ စိတ်ကလေးကိုလဲပဲ စဉ်းစားလို့ရှိရင် အဲဒါ ရှုလိုက်ပါတဲ့။ စဉ်းစားတဲ့ စိတ်ကလေးကို အဲ ... ပစ္စုပ္ပန်တရားကလေး ... ရှုပါတဲ့။ ဒီလို ရှုရမှာကိုး။

အနာဂါတ်တရားဆိုတာ နောက်မှ ဖြစ်တဲ့ ဥစ္စာ။ အခု မရှိသေးဘူး။ အခု ဘာမှ မရှိဘူး။ တော်တော်ကြာမှ ရှိတယ်။ နတ်ဖြန်ခါမှ ရှိတယ်။ သန်ဘက်ခါမှ ရှိတယ်။ နောက်လမှ ရှိတယ်။ နောက်နှစ်မှ ရှိတယ်။ အဲဒီ ဥစ္စာတွေ အဲဒါတွေကတော့ အခု ဘာမှကို ရှိတာ မဟုတ်သေးဘူး။ မရှိသေးပေမယ်လို့ စိတ်နဲ့ စဉ်းစားလိုက်တော့ ရှိသလို ထင်နေရတယ်။ သူက မနက်ဖြန်ခါကျရင် ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်သူနဲ့ တွေ့မယ် စသည်ဖြင့်ပေါ့လေ။ အဲ ... စိတ်ထဲမှာ သူက နက်ဖြန်ခါတွေလဲ ရှိတာပဲ။ သန်ဘက်ခါလဲ ရှိတာပဲ။ နောက်လလဲ ရှိတာပဲ။ နောက်နှစ်လဲ ရှိတာပဲ။ သူ့စိတ်ထဲမှာ တခါတည်း အကောင်အထည်လိုက် ကိုယ်ရောသူရော အကုန်လုံး ရှိနေတာပဲ။

အမှန်ကတော့ နက်ဖြန်ခါ သန်ဘက်ခါတွေက ရှိကို မရှိသေးဘူး။ 

အဲ မရှိသေးပေမယ်လို့ အဲဒီ လူတွေရဲ့စိတ်ထဲ သတ္တဝါတွေရဲ့စိတ်ထဲ စဉ်းစားတိုင်းဟာ ရှိနေတာပဲ။ နက်ဖြန်ခါရော သန်ဘက်ခါရော နောက်လရော နောက်နှစ်ရော အကုန်လုံး လျောက်ရှိနေတာပဲ။ အဲ ... ကိုယ်စဉ်းစားတဲ့အတိုင်းတော့ တော်တော်ကြာတော့ ဟုတ်ချင်မှ ဟုတ်မှာပဲ။ ကိုယ်ကလဲပဲ မြဲနေတာ မဟုတ်တော့ ပုံမတော် ကိုယ်ကရင်လဲ သေသွားတာရှိသေးတာကိုး။ အဲဒိပြင် ကိုယ်နဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေ ဒိပြင် စဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေကလဲ မြဲနေတာ မဟုတ်ဘူး။ အဲဒီ ပုဂ္ဂိုလ်တွေက သေသွားတာလဲ ရှိသေးတာပဲ။

အဲဒါပေမယ်လို့ အဲဒီ စဉ်းစားတဲ့စိတ် စဉ်းစားတဲ့ အခိုက်အတန့်တုန်းကတော့ သူက ရှိတယ်လို့ပဲ ထင်နေတယ်။ ရှိတဲ့အနေပဲ စဉ်းစားနေတယ်။

အဲဒါကြောင့် အဲဒီ နောင်အနာဂါတ်တွေလဲပဲ တွေးတွေးပြီးသကာလ ဘယ်လို ဖြစ်ချင်ပါတယ်။ ဘယ်သို့ ကောင်းစားချင်ပါတယ်။ ဘယ်လို ချမ်းသာချင်ပါတယ်ဆိုတာ ပါးစပ်က မဆိုသော်လဲပေါ့လေ ... စိတ်ထဲကများ အဲသလိုပဲ လိုလား တောင့်တပြီး မျှော်လင့်ပြီးတော့ ကြံစည်ပြီး နေပါတယ်တဲ့။ 

အဲဒီလို အနာဂါတ်အရေးတွေနဲ့လဲ မျှော်တွေးပြီးသကာလ တောင့်တ မနေပါနဲ့တဲ့။ ဒါကြောင့်မို့ အနာဂါတ်ကို မကြံနဲ့ တဲ့။ အနာဂါတ် အသစ်တွေကို မကြံပါနဲ့ တဲ့။

အတိတ်အဟောင်းဆိုတာလဲ မရှိပါဘူးတဲ့။ ကုန်ခဲ့ပါပြီ တဲ့။ အဲဒီ အဟောင်းတွေကို ပြန်ပြီးတော့ စဉ်းစား မနေပါနဲ့ တဲ့။ 

အနာဂါတ် အသစ်ဆိုတာကလဲ မရှိသေးပါဘူး တဲ့။ အဲဒါလဲပဲ ယခု မရှိခင်ကတည်းက စောစောကနေပြီးသကာလ မျှော်လင့် တောင့်တပြီးတော့ မနေနဲ့ တဲ့။

ဒီလို ဆိုလိုတယ်။

ဒါဆို ဘာက ရှိနေလဲဆိုတော့ ဖြစ်ဆဲ ရုပ်နာမ် ပစ္စုပ္ပန်လေးတွေ ရှိပါတယ် တဲ့။

မြင်တဲ့ အခိုက်အတန့်မှာ မြင်တဲ့ ရုပ်နာမ် ရှိတယ်။ အဲဒါ ရုပ်တရား နာမ်တရားလေးတွေပဲ။ အဲဒါလေးတွေက ရှိနေပါတယ်တဲ့။ အဲဒီ ရှိနေတဲ့ ရုပ်နာမ်တရားလေးတွေကို ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှုပါတဲ့။

ပစ္စုပ္ပနဉ္စ ယံ ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။

ပစ္စုပ္ပနဥ္စ - အကြောင်းကို စွဲ၍ ဖြစ်ဆဲဖြစ်သော၊

ဓမ္မဥ္စ - ရုပ်နာမ်တရားကိုလည်း၊

တတ္ထ တတ္ထ - ထိုထို ဖြစ်ခိုက် ဖြစ်ခိုက် ခဏ၌၊

ယံ - အကြင်၊

ဝိပဿတိ - အနိစ္စဖြစ်သော အခြင်းအရာတို့ဖြင့် ရှု၏။

ဖြစ်ခိုက် ဖြစ်ခိုက်မှာ လိုက်ပြီးတော့ ရှုပါတဲ့။

ဖြစ်ခိုက် ဖြစ်ခိုက်မှာ မမြဲတဲ့ တရားကို သိအောင် ရှုပါတဲ့။

မမြဲဘူးဆိုတာလေး သိအောင် ရှုပါတဲ့။

ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ သဘောတရားလေးပဲဆိုတာ သိအောင် ရှုပါတဲ့။

အဲဒါက အပြောတော့ အလွယ်သား၊ အလုပ်ကတော့ သိပ်မလွယ်လှဘူး။

မမြဲဘူးဆိုတာ ဗုဒ္ဓဘာသာတွေဆိုတော့ ခဏ ခဏလဲ ကြားနေတယ်။ အနိစ္စဆိုတော ပြောနေကျ။ ဒုက္ခဆိုတာ ပြောနေကြတယ်။ အနတ္တဆိုတာလဲ ပြောနေကြတယ်။ သိလဲ သိနေကြတာပဲ။ 

ဒီဥစ္စာဟာ ရုပ်နာမ်တရားတွေ၊ အနိစ္စ ဒုက္ခ အနတ္တတရားပဲဆိုတာ ကြေကို ကြေနေကြတာ။

ဒါပေမယ်လို့ ကိုယ့်စိတ်ထဲက တကယ်ထင်နေမလားဆိုတော့ မလွယ်ဘူး။ သူ့ဟာ မထင်ဘူး။ တချို့က စိတ်ကူးစဉ်းစားနေရင် ဆင်ခြင်နေရင် ကြာရင် ထင်မှာပေါ့လို့ ထင်နေကြတယ်။ ဒီလို မဟုတ်ဘူး။ သူ့ဟာ စိတ်ကူး စဉ်းစားတာလဲ မမြဲတဲ့ဘက်က နေပြီး စဉ်းစားရင် မမြဲဘူးလို့ သဘောကျတဲ့အခါလဲ ရှိမှာပဲ။ မြဲတဲ့ဘက်ကနေပြီး စဉ်းစားရင် မြဲတယ်လို့လဲ ဖြစ်လာတာပဲ။ အဲ ... စိတ်ကူး စဉ်းစားတယ်ဆိုတဲ့ဥစ္စာ အတော် မသေချာတဲ့ ဥစ္စာကြီး။ ကိုယ်ကြိုက်ရာက နေပြီး စဉ်းစားရင် ကိုယ်ကြိုက်တဲ့အလုပ် ဖြစ်သွားမှာ။ စိတ်ကူးစဉ်းစားတာက အတော် မလွယ်တဲ့ ဥစ္စာကြီး။ အဲဒီတော့ အဲဒါကို မမြဲတဲ့တရားတွေကို အမှန်အတိုင်း သိရအောင်၊ ဆင်းရဲတရားတွေ အမှန်အတိုင်း သိရအောင်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ အနတ္တတရားတွေ အမှန်အတိုင်း သိရအောင် ဘာလုပ်ရမလဲဆို ဖြစ်တိုင်း ဖြစ်တိုင်း တရားလေးတွေ လိုက်ပြီးတော့ နောက်က တကောက်ကောက်နဲ့ လိုက်ရှုနေမှ ဖြစ်မယ်။

ဖြစ်ခိုက်တရားလေးတွေကို ဖြစ်ပေါ်လာလိုက် ရှုလိုက်၊

ဖြစ်ပေါ်လာလိုက် ရှုလိုက်၊

ဖြစ်ပေါ်လာလိုက် ရှုလိုက် အကုန်လုံး လိုက်ရှုရမယ်။

ဟိုက တခု ဖြစ်လိုက်၊ ဒီက တခါ ရှုလိုက်၊

ဟိုက တခု ဖြစ်လိုက်၊ ဒီက တခါ ရှုလိုက် ... ဒီလို လိုက်ပြီး တကောက်ကောက် ရှုနေတော့ကို အဲဒီ သဘောလေးတွေ မိလာတယ်။ အစကတော့လဲ မမိသေးပါဘူး။ သူ့ဟာ အစတော့ တကယ်ကို လေ့ကျင့်ရတာပဲ။ မသိသေးဘူး။ ပြောတော့ကို ... အများအားဖြင့် ပြောလေ့ရှိကြတယ်။ ပညတ်တရားတွေကို အကုန်လုံး ပယ်ဖျောက်ပြီးတော့ ပရမတ်တွေ ရှုရတယ်။ အဲ ... ပရမတ်သမားတွေက ပြောကြပါရဲ့။ ပြောတော့ အလွယ်သားပဲ။ ပညတ်ကို ဖျောက်ဖို့ သိပ်မလွယ်ဘူး။ ပညတ်က သူ့ဟာ သိပ်ထင်ရှားနေတာကြီး။ ပညတ်က ဖျောက်ဖို့ ဘယ်လွယ်လိမ့်မတုန်း။ မျက်စိနဲ့ မြင်ကတည်းကိုက ဟိုမှာ ဖျတ်ကနဲဆို သိပြီးပြီ။ ဘယ်သူပဲ ဘယ်ဝါပဲ၊ ယောက်ျားပဲ မိန်းမပဲ၊ အရွယ်နဲ့တကွ ဘယ်အရွယ် ရှိတာပဲ၊ ကောင်းတယ် မကောင်းဘူး၊ လှပတယ် မလှပဘူး၊ အကုန်လုံး လျောက်ပြီး သိသွားပြီ။ နားက ကြားလိုက်တာနဲ့ ဟိုမှာ သိပြီးပြီ။ ဟိုမှာ ဘာပြောတာပဲ၊ ဒါက ချီးမွမ်းပြောတာပဲ၊ ဒါက ကဲ့ရဲ့ပြောတာပဲ၊ ဒါက မကောင်းပြောတာပဲဆိုတာ အကုန်လုံး သိပြီးပြီ။ 

အဲဒီ ပညတ်ပျောက်ဖို့ တော်တော် မလွယ်တဲ့ ဥစ္စာ။ မလွယ်ဘူး။ ဒီတော့ ပထမ အစမှာဆိုရင် အဲဒီ သဘောတရားလေးတွေ အမှန်အတိုင်း သိဖို့ အရေးကြီးတယ်။ 

ဝိပဿနာရှုတယ်ဆိုတာ ဝိပဿနာကျမ်းဂန်တွေက ပြတာ၊ လက္ခဏာ ရသ ပစ္စုပဌာန်နဲ့ ရှုရမယ်တဲ့။ သူ့ရသ သူ့ကိစ္စကလေးတွေ သိအောင် ရှုရမယ်တဲ့။ အဲဒါလေးတွေ သိအောင်ဟာ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ ရှုရမယ်။ 

အဲ ... ရှုပုံရှုနည်းကတော့ အပြည့်အစုံ ဘယ်မှာ ပြထားသလဲဆိုတော့ သတိပဌာန်မှာ ပြထားတယ်။

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ၊ ပဇာနာတိ။

ဂစ္ဆန္တော ဝါ - သွားသည် ရှိသော်၊

ဂစ္ဆာမီတိ - သွား၏ဟူ၍၊

ပဇာနာတိ - သိ၏ တဲ့။

သွားရင်ဖြင့် သွားတာလေးကို သိဖို့ပဲ။ 

မြတ်စွာဘုရားက လွယ်လွယ်ပဲ ဟောခဲ့ပါတယ်။

အဲ ... ဂစ္ဆန္တော - သွားလို့ရှိရင်တဲ့၊ ဘယ့်နှယ်ရှုရမတုန်းဆိုတော့ သွားတယ် လို့ပဲ ရှုရမယ်တဲ့။ 

ဂစ္ဆာမီတိ - သွားသည်ဟူ၍၊

ပဇာနာတိ - သိတယ် တဲ့။

သွားတဲ့ အခါကာလမှာ ရုပ်တရား နာမ်တရားပဲ၊ ပရမတ်တရားပဲ စသည်ဖြင့် ဒီလို ရှုဖို့ မဟုတ်ဘူး။ ဒီလို အသေးစိတ်တွေ အဘိဓမ္မာနည်းနဲ့ လိုက်ဖို့ မဟုတ်ဘူး။ သူ့ဟာ ဖြစ်ပေါ်တဲ့တရားလေး ဖြစ်ပေါ်တဲ့အတိုင်း ရှုရုံပဲ။ အဲဒါ အရေးကြီးတယ်။ 

ဒါကြောင့် မြတ်စွာဘုရားက ဂစ္ဆန္တောဝါ - သွားသည်ရှိသော်လည်း၊ ဂစ္ဆာမီတိ - သွားသည်ဟူ၍၊ ပဇာနာတိ - သိတယ် တဲ့။ 

သွားရင်ဖြင့် သွားတယ် သွားတယ် ဆိုတာလေး သိပေါ့။ 

ဖြစ်ခိုက် ဖြစ်ခိုက် တရားလေးတွေ ဖြစ်တဲ့အတိုင်း ရှုဖို့၊ မျက်စိက မြင်ရင်လဲ မြင်တာ ရှုဖို့ပဲ။ ကြားရင်လဲ ကြားတာ ရှုဖို့ပဲ။ အနံ့ကို နံလို့ရှိရင်လဲ နံတာ ရှုဖို့၊ အရသာ စားရင်လဲ စားတာ ရှုဖို့၊ စိတ်ကူး စဉ်းစား ကြံစည်ရင်လဲ စိတ်ကူး စဉ်းစား ကြံစည်တာ ရှုဖို့၊ ကိုယ်အမူအရာ တစုံတခုပြုလို့ရှိရင်လဲ ပြုတိုင်း ပြုတိုင်း ကိုယ်အမူအရာတွေ ရှုဖို့။ အဲဒီလို ကိုယ်အမူအရာတွေ စိတ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ ရှုဖို့ပဲ။ အဲဒါ လိုပါတယ်။ အဲဒါ ပစ္စုပ္ပန်တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ ရှုပါတဲ့။ 

ကိုင်း ... ဆိုစမ်းပါဦး။ ခုနက ဥစ္စာလေး ဆိုပြီးတော့ ရှုပုံလေး နည်းနည်းပါးပါး ပြောရမယ်။

''အတိတ်အဟောင်းကို မပြန်လင့်။

အနာဂါတ်အသစ်ကို မကြံလင့်။

ဖြစ်ခိုက် ရုပ်နာမ် ပစ္စုပ္ပန်၊ အမှန် သိအောင် ရှုမှတ်ပါ။''

အတိတ်အဟောင်းကို မပြန်နဲ့ တဲ့။ အတိတ်အဟောင်းတွေ ပြန်စဉ်းစားမနေနဲ့။ ရှေးက ဖြစ်ခဲ့တာတွေ ကြားခဲ့တာတွေ သိခဲ့တာတွေ ပြန်စဉ်းစားမနေနဲ့။ စဉ်းစားနေလို့ရှိရင် စဉ်းစားတဲ့စိတ်ကလေးကို ရှုတဲ့။

စဉ်းစားရင် စဉ်းစားတယ် ... ကြံရင် ကြံတယ် ... ရှုရုံပါပဲ။ 

လွယ်လွယ်ပါပဲ။ ဝိပဿနာဆိုတာ ဘာနဲ့တူသလဲဆိုတော့ ပန်းချီဆေးရေးတာနဲ့ တူတယ်။ ပန်းချီဆေးရေးတာဟာ ပန်းချီဆေးရေးကောင်းတဲ့ပုဂ္ဂိုလ် ... မတော်တဆ ဆေးစက်ကလေး ကျသွားလို့ရှိရင် ဒီအတိုင်း ထားထားလို့ မဖြစ်ဘူးပေါ့။ ဒါလေးကို ကြည့်ကောင်းအောင် တခုခုတော့ လုပ်ရမှာ။ အဲဒါလေး ... အစက်ကလေးကို ပန်းပွင့်လေးသော်လည်းကောင်း သို့မဟုတ် လိပ်ပြာကောင်လေးသော်လည်းကောင်း တခုခုတော့ သူလုပ်ရမှာပဲ။ အဲဒီ ပန်းချီဆေးရေးကောင်းတဲ့ ပုဂ္ဂိုလ်က ဆေးစက်ကျရာ အရုပ်တခုခုဖြစ်အောင်တော့ ရေးရမှာပဲ။ ရေးမှ ဖြစ်မယ်။ မရေးလို့ရှိရင် ဒီပန်းချီကား အသုံးချလို့ ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဆေးစက်ကျရာ အရုပ်ဖြစ်အောင်လို့ ရေးရတယ်။ ဒါ ... ပြောရိုးဆိုစဉ် ပြောနေကြတာ။

အဲဒါလိုပဲ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်နာမ်ကလေး ရှုနေရုံပါပဲ။ ဝိပဿနာရှုတယ် ဆိုတာ ဒါပဲ။ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်နာမ်ကလေးကို အသာကလေး လိုက်ပြီးတော့ ရှုနေရုံပဲ။ လိုက်ပြီးတော့ ရှုနေလို့ရှိရင် ပထမအစမှာတော့ကို သဘောတရားရယ် ဘာရယ်ဆိုတာ ပိုင်းခြား မသိဘူး။ မသိသေးဘူး။ နောက် တဖြည်းဖြည်းနဲ့ သဘောတရားတွေပဲဆိုတာ သိတယ်။ 

မြင်တာကို မြင်တိုင်း မြင်တိုင်း ရှု။ ပထမတော့ ကိုယ်မြင်တာဟာ မြင်မှုသဘောတရားလေးပဲ၊ မြင်ရတာလဲ မြင်ရတဲ့သဘောတရားလေးပဲ၊ ဒီလို ပိုင်းခြားပြီးတော့ မသိဘူး။ လူတကာလိုပဲ မြင်တာဟာ ငါမြင်သွားတယ်။ မြင်ရတာဟာ ဘယ်သူပဲဆိုတာ ဒီအတိုင်း သိအုန်းမှာပဲ ... အစကတော့။ 

နောက် ... ရှုပါများလာတဲ့အခါကျတော့ မြင်တာဟာ မြင်မှုသဘောတရားလေးပဲ။ မြင်သိသွားတဲ့ သဘောတရားလေးပဲ။ မြင်ရတာကလဲ မြင်ရရုံမျှ သဘောတရားလေးပဲ။ မြင်မှု သဘောတရားလေးပဲ။ မျက်စိကို မှီပြီးတော့ ဖြစ်သွားတယ်။ ဒီကနေပြီး မြင်နေတာပဲ။ ဒီထဲမှာ မြင်တတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး။ မြင်စရာ အာရုံနဲ့ မြင်သိတာကလေး ... ဒါ ရှိတာပဲ။ အဲ ... မြင်စရာ အာရုံ ရှိတယ်၊ မြင်သိတာ ရှိတယ်။ ရှုတာလဲ ရှိတယ်။ ဒါပဲ ရှိတယ်။ ဒီထဲမှာ ပုဂ္ဂိုလ်သတ္တဝါ ခေါ်စရာ ဘာမှ မရှိဘူးလို့ဆိုတာ ... အဲဒီ သဘောတရား အမှန်လေးတွေကို ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်ဟာ သူ့ဟာသူ သိတာပါပဲ။ အဲဒီလို သိအောင်ဟာ ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်နာမ်ကလေးတွေကို လိုက်ပြီးတော့ ဖြစ်တဲ့အတိုင်း လိုက်ပြီးတော့ ရှုနေရုံပါပဲ။ အဲ ... ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးသကာလ ရှုရမယ်။ ဖြစ်တိုင်းလဲ ရှုရမယ်။ ကြားသိတိုင်း ကြားသိတိုင်းလဲ ရှုရမယ်။ ကိုယ်ကတွေ့ထိတိုင်းလဲ ရှုရမယ်။ သိတိုင်းလဲ ရှုရမယ်။ စိတ်ကူး စဉ်းစား ကြံစည်တိုင်းလဲ ရှုရမယ်။ အဲဒီ ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်ကလေးတွေကို ပေါ်တဲ့အတိုင်း လိုက်ပြီးသကာလ ရှုနေရုံပဲ။ 

အဲဒီလို ရှုနေလို့ရှိရင် ဘာဖြစ်လာမလဲဆိုရင် ဖြစ်ပေါ်လာတဲ့ ရုပ်တရားနဲ့ ရှုနေတဲ့ အသိစိတ်ကလေးနဲ့ ... ဒါလေး နှစ်ခု တွဲပြီးတော့ ဖြစ်တာကို နောက် ... ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့လာပါလိမ့်မယ်။ အဲဒီလို တွေ့ပြီးတော့လာတော့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး၊ သူ့ဟာသူ ဖြစ်ပျက်နေတဲ့သဘောတရားမျှ ရှိတာပဲဆိုတာကို စာပေကျမ်းဂန်တွေနဲ့ တွေးနေရတာ မဟုတ်ဘူး။ ခက်ခက်ခဲခဲ လုပ်မနေရပါဘူး။ ဒီက ရှုရင်း ရှုရင်းနဲ့ပဲ ကိုယ့်ဟာကိုယ် သဘောကျပြီးသကာလ သိလာတယ်။ အဲဒီလို သဘောကျပြီးသကာလ သိနိုင်လို့ မြတ်စွာဘုရားက ဟောထားတယ်။ လွယ်လွယ်ပဲ ဟောထားတယ်။

''ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ''

ဂစ္ဆန္တော ဝါ - သွားသည်ရှိသော်လဲ၊

ဂစ္ဆာမီတိ - သွားသည်ဟူ၍၊

ပဇာနာတိ - သိ၏ တဲ့။

အဲ ... သွားရင် သွားတာကို မှတ်ရုံပဲ။ လွယ်လွယ်ပဲ။ 

သွားတဲ့အခါကာလမှာ ပထဝီဓာတ်က ဘယ်လောက်ပဲ၊ အာပေါဓာတ်က ဘယ်လောက်၊ ဝါယောဓာတ်က ဘယ်လောက်တွေ ဘာတွေ ဒီလိုဟာတွေ စဉ်းစားနေဖို့ မဟုတ်ဘူး။

အဲ ... သွားတာလေး မှတ်ပြီးတော့ နေတော့ ဘာဖြစ်လာမလဲဆို ... 

''ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ တံ ဝါယံ ဇနေတိ ဝါယောဝိညတ္တိ"

ဂစ္ဆာမီတိ စိတ္တံ - သွားမည်ဟု ကြံသော စိတ်သည်၊

ဥပ္ပဇ္ဇတိ - ရှေးဦးစွာ ဖြစ်ပေါ်လာ၏ တဲ့။

အဲဒါကိုလဲ သိပါလိမ့်မယ် တဲ့။ သွားမယ် ကြံတဲ့ စိတ်ကလေး သိတယ်တဲ့။ 

တံ - ထို သွားမည်ကြံသော စိတ်က၊

ဝါယံ - တောင့်တင်း လှုပ်ရှားသော ဝါယောရုပ်ကို၊

ဇနေတိ - ဖြစ်စေ၏ တဲ့။

အဲ သွားမည် ကြံလို့ တောင့်တင်း လှုပ်ရှားတဲ့ သွားရုပ်ကလေးတွေ ဖြစ်လာတယ်ဆိုတာ အဲဒါလဲ သိပါလိမ့်မယ်။

စိတ္တ ကိရိယ ဝါယောဓာတု ဝိပ္ဖါရေန။

စိတ်က ပြုသော ဝါယောဓာတ်၏ တကိုယ်လုံး၌ ပျံ့နှံ့ခြင်းကြောင့်၊ သကလဿ ကာယဿ - တကိုယ်လုံး၏၊ ပုရတော ကိရိယတော - ရှေ့ဖက်သို့ ဆောင်သွားခြင်းကို၊ ဂမနန္တိ - သွားသည်ဟူ၍၊ ဝုစ္စတိ - ခေါ်ဆိုအပ်၏ တဲ့။

အဲ ... သွားလိုသော စိတ်ကြောင့် 'သွား'ဆိုတဲ့ ရုပ်ဖြစ်လာတဲ့အခါမှာ ကိုယ်ထဲမှာ တောင့်တင်း လှုပ်ရှားမှု ဝါယောရုပ်တွေ အပြည့် ဖြစ်လာတယ်။ ရှုနေတဲ့ ပုဂ္ဂိုလ်မှာ သိလာတယ်။ ဘောလုံးထဲများ လေထိုးလိုက်တာလို တခါတည်း သွားလိုရာဘက်သို့ တွန်းကန်ပြီးတော့ ဖြစ်လာတဲ့ ရုပ်တွေက ကိုယ်ထဲမှာ ပြည့်ပြီးတော့ တရွေ့ချင်း တရွေ့ချင်း ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာခြင်းကြောင့် တရွေ့ရွေ့ လိုက်ပြီးရင်း ပျောက်သွားရင်း ..... အဲဒါ စုစုပေါင်းတော့ ခြေတလှမ်း ဖြစ်သွားတာပေါ့။ အဲ ... ရှေ့ခြေတလှမ်းကနေပြီး နောက်ခြေတလှမ်း၊ နောက်တလှမ်းကနေပြီးတော့ အဲဒီလို တရွေ့ရွေ့ချင်း ရွေ့သွားတာကိုပဲ ငါသွားတယ် သူသွားတယ်လို့ ခေါ်ရတာပဲ။

အဲ ... အမှန်ကတော့ သွားတဲ့ ငါကောင် သူကောင်ရယ်လို့ မရှိဘူး။

ဒီထဲမှာ ဘာရှိသလဲဆိုရင် သွားချင်တဲ့ စိတ်ရယ်၊ တောင့်တင်းလှုပ်ရှားတဲ့ သွားရုပ်ရယ် ... ဒါ ရှိတာပဲ။ အဲဒီလိုဆိုတာ ယောဂီပုဂ္ဂိုလ်က သူ့အလိုလို သိလာပါတယ်တဲ့။ ဒါ အဋ္ဌကထာက ပြတယ်။ 

အဲဒီလို သိအောင်လို့ ကိုယ်အမူအရာတွေကို ပြုတိုင်း ပြုတိုင်း အကုန်လုံး ရှုရတယ်။ စိတ်အမူအရာတွေကို ဖြစ်တိုင်း ဖြစ်တိုင်း အကုန်လုံး လိုက်ပြီးတော့ ရှုရတယ်။ ဝေဒနာတွေ ဖြစ်တိုင်း ဖြစ်တိုင်းသကာလ ရှုရတယ်။ အဲဒီလို ရှုလို့ရှိရင်ဖြင့် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သိပြီးတော့ သွားနိုင်ပါတယ်။ ပြီးတော့ ဒီရုပ်နာမ်တရားတွေ မမြဲဘူးဆိုတာလဲပဲ ကိုယ့်ဟာကိုယ် သိတာပဲ။ ဖြစ်ပေါ်ပြီးရင် ပျောက်သွားလိုက် ကိုယ့်ဟာကိုယ်ပဲ သိတယ် ... ဒါက။ ဘာဖြစ်လို့လဲဆိုတုန်းဆို ... သူ ဖြစ်ခိုက် ဖြစ်ခိုက် ရှုတော့ကို ဖြစ်ပြီး ပျောက်သွားတာက သိရတော့တာပဲ။ မသိလို့ကို မဖြစ်ဘူး။ ဥပမာအားဖြင့် ဘာတုန်းဆိုရင် ... မိုးရွာတဲ့အခါတွေမှာ ကောင်းကင်မှာ လျှပ်စစ်တွေ ဘာတွေ လက်တာ ရှိတယ်။ လူတိုင်း လူတိုင်း တွေ့ဖူးကြပါတယ်။ အဲဒီ လျှပ်စစ်လက်နေတဲ့ဥစ္စာကို ကြည့်မိတဲ့ ပုဂ္ဂိုလ်ပေါ့လေ၊ ဒီကလဲ ကြည့်နေတဲ့ အခိုက်အတန့်နဲ့ ဟိုက လက်၊ အဲဒီက လက်တာနဲ့ ဆုံမိတဲ့အခါကာလ လျှပ်စစ်လက်လာတာလဲ သိတယ်၊ ပေါ်လာတာလဲ သိတယ်၊ ပေါ်ပြီးတော့ ပျောက်သွားတာလဲ သိတယ်။ မကြည့်မိတဲ့ ပုဂ္ဂိုလ်တော့ မသိဘူးပေါ့။ လျှပ်စစ်တွေ မလက်ခင်ကနေပြီးတော့ ကြည့်လို့လဲ မဖြစ်နိုင်ဘူး။ လက်ပြီးတဲ့နောက် ပျောက်သွားမှ ထွက်ကြည့်လို့လဲ မသိနိုင်ဘူး။ အဲ ... လက်နေတုန်း ကြည့်နေတဲ့ ပုဂ္ဂိုလ်က ဒီလို ပေါ်ပြီးတော့ ဒီလိုပျောက်သွားတာပဲဆိုတာ သူ့ဟာသူ မြင်ရုံလေးနဲ့ပဲ သိတယ်။ ဘာမှ တွေးတော ဆင်ခြင်နေဖို့ရာ မလိုဘူး။ အဲဒီလို ကိုယ်တွင်း သန္တာန်က ရှိတဲ့ ရုပ်နာမ်တွေကို ဖြစ်တိုင်း ဖြစ်တိုင်းကို လိုက်ပြီးတော့ ရှုနေလို့ရှိရင် ဖြစ်ပြီးရင်း ပျောက်သွားရင်း၊ ဖြစ်ပြီးရင်း ပျောက်သွားရင်း မမြဲတာ ကိုယ်တိုင် တွေ့ပါတယ်။ အဲဒီလို တွေ့အောင်လို့ ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်နာမ်လေးတွေ လိုက်ပြီးတော့ ရှုရမယ်လို့ ဒီက ... ဒီသုတ်ဒေသနာက ဆိုတယ်။

''ပစ္စုပ္ပန္နဉ္စ ယံ ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ''

ပစ္စုပ္ပန္နံ - အကြောင်းတရားကို စွဲ၍ ဖြစ်ဆဲဖြစ်သော၊ 

ဓမ္မဉ္စ - ရုပ်နာမ်တရားကိုလဲ၊

တတ္ထ တတ္ထ - ထိုထို ဖြစ်ဆဲ ခဏ၌၊

ယံ ဝိပဿတိ - အကြင် ခုနစ်ပါးသော ဝိပဿနာတို့ဖြင့် ရှု၏။

အနိစ္စာနုပဿနာ အစရှိသော ဝိပဿနာ ခုနစ်ပါးနှင့် ပြည့်စုံအောင် ရှုရပါတယ်။

အသံဟိရံ - တဏှာ ဒိဋ္ဌိတို့ဖြင့် မဆွဲငင်အပ်သော (ဝါ) တဏှာဒိဋ္ဌိတို့ဖြင့် မဆွဲငင်နိုင်အောင်၊

အသံကုပ္ပံ - တဏှာ ဒိဋ္ဌိတို့ကြောင့် မပျက်စီးအောင်၊

တံ - ထို ဝိပဿနာကို၊ 

အနုဗြူဟယေ - အစဉ်မပြတ် ပွားစေရာ၏။

အဲဒီ ဝိပဿနာဖြစ်ခိုက် ရုပ်နာမ်ကလေးကို ရှုတဲ့ ဝိပဿနာအစဉ်အတိုင်း ပွားသွားရမယ်တဲ့။ 

ကိစ္စပြီးဆုံးသည်တိုင်အောင် အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ပွားသွားရမယ်တဲ့။

အဲဒီ ဝိပဿနာ မပွားလို့ရှိရင် ဘာဖြစ်မလဲဆိုလို့ရှိရင် တဏှာ ဒိဋ္ဌိက ဆွဲသွားလိမ့်မယ်တဲ့။ တဏှာနဲ့ သာယာစရာတွေ ဖြစ်လာလိမ့်မယ်တဲ့။ ဒိဋ္ဌိနဲ့ ပုဂ္ဂိုလ်သတ္တဝါကောင် အနေအားဖြင့် ထင်မြင် စွဲလမ်းပြီးတော့ လာလိမ့်မယ်တဲ့။ 

အခု မြင်ရာကနေပြီးတော့ ဝိပဿနာမရှုနိုင်တဲ့ ပုဂ္ဂိုလ်တွေမှာ ဘာထင်နေသလဲဆိုတာ စဉ်းစားကြည့်ဖို့ ... မြင်ရာက လှလှပပ တင့်တင့်တယ်တယ်လေး မြင်ရလို့ရှိရင်လဲ နှစ်သက် သာယာ သဘောကျသွားတာပဲ။ ပြီးတော့ အဲဒီ မြင်တဲ့ဥစ္စာလဲ ငါပဲဆိုပြီးတော့ ထင်တယ်။ ကိုယ့်ကိုကိုယ်လဲ ငါထင်တယ်။ အဲဒါဟာ တဏှာနဲ့ သာယာမှုက ဆွဲသွားတယ်။ ဒိဋ္ဌိနဲ့ အထင်အမြင်လွဲမှုက ဆွဲသွားတယ်။ ဒါ ဖြစ်ရိုးဖြစ်စဉ် ဆိုတော့ ဆွဲတယ်လို့ မထင်ရဘူးပေါ့။ ဒါ ... ဖြစ်နေကျပဲ၊ သူ့ဟာသူ သူ့လမ်းပဲလို့ ဒါ ... အောက်မေ့ကြမှာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ အများက ဒီလို ဖြစ်နေကြတာကိုး။

အဲ ... ဒါပေမယ်လို့ အမှန်အတိုင်း သိအောင် အားထုတ်လို့ရှိရင်တော့ အဲဒါ အဆွဲမခံရဘူး။ အဲဒါ မြင်ခိုက်မှာ ရှုလို့ရှိရင် မြင်ပြီးရင်း ပျောက်သွားရင်း မမြဲတာလေး သိသွားတယ်။ အဲဒီလို သိသွားလို့ရှိရင်တော့ တဏှာနဲ့ သာယာစရာကို မရှိဘူး။ ရှာလို့လဲ မရဘူး။ တဏှာနဲ့ သာယာစရာလဲ မရှိဘူး။ ပုဂ္ဂိုလ် သတ္တဝါကောင်ပဲလို့ ထင်မြင် စွဲလမ်းစရာလဲ မရှိဘူး။ အဲဒါကြောင့် မြင်တိုင်း မြင်တိုင်း မမြဲတာကို သိအောင် ရှုရမယ်။ ကြားတိုင်း နံတိုင်း စားတိုင်း တွေ့ထိတိုင်း ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်း စိတ်ကူး စဉ်းစား ကြံစည်တိုင်း ဒွါရ ၆-ပါးက ဖြစ်ပေါ်သမျှတရားတွေ မမြဲဘူးဆိုတာ သိအောင် ရှုရတယ်။

ထို့အတူ ဆင်းရဲပဲ၊ ဖြစ်ပြီး ပျောက်သွားလို့ မကောင်းတဲ့ တရားတွေ၊ အားကိုးစရာ မရှိတဲ့ တရားတွေပဲဆိုတော့ ဒီလိုပဲ သိအောင် ရှုရမယ်။

သူ့သဘောအတိုင်း သူ့ဟာ ဖြစ်ပျက်နေတဲ့ အနတ္တတရားတွေပဲ၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ တရားတွေပဲ ဆိုတာ ဒါတွေလဲ သိအောင် ရှုရမယ်တဲ့။

အဲဒီဟာ အစဉ်အတိုင်း ရှုပြီးတော့သွားလို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ဆိုက်ရောက်ပြီးသကာလ သွားပါတယ်တဲ့။ 

ဒီတော့ ဒီလို ရှုဖို့ရာက သိပ်တော့ မလွယ်ဘူး။ ဒီလို ရှုဖို့ရာ တကယ် မလွယ်ဘူး။ ဒီလို ရှုဖို့ရာက သုံးလေးခါလောက် ရှုလို့လဲ ဖြစ်မှာ မဟုတ်ဘူး။ ဆယ်ခါလောက် ရှုလို့လဲ ဖြစ်မှာ မဟုတ်ဘူး။ မလွယ်လို့ ဒီတရားကို ရှုဖို့ရာ တယ်ပြီးတော့ မလွယ်ဘူး။ 

ရှုချင်အောင်လို့ မြတ်စွာဘုရားက တိုက်တွန်းထားတယ်။

"အဇ္ဇေဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။"

အာတပ္ပံ - ကိလေသာကို ပူလောင်စေတတ်သော သမ္မပ္ပဓာန် လုံ့လဝိရိယဖြင့် အားထုတ်မှုကို၊ 

အဇ္ဇေဝ - နက်ဖြန်သဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်၊

ကိစ္စံ - ပြုလုပ် အားထုတ်ရမည် တဲ့။

အဲဒီ ဘဒ္ဒေကရတ္တသုတ် ပဲ။ တခြားကဟာ မဟုတ်ဘူး။ ဒီသုတ်ကပဲ။

အဲဒါ မြင်တိုင်း မြင်တိုင်းလဲ ရှုနေရမယ်၊ ကြားတိုင်း ကြားတိုင်းလဲ ရှုနေရမယ်၊ နံတိုင်း စားတိုင်း စိတ်ကူး စဉ်းစား ကြံစည်တိုင်း ... ဒါတွေ အကုန်လုံး မှတ်ပြီးတော့ နေရမယ်ဆိုတော့ အားကို မအားဘူး။

တချို့က ပြောတယ်။ ဟာ ... ဒါဆိုလို့ရှိရင်တော့ ဘာမှ အားကို မအားတော့ဘူး။ မလုပ်နိုင်ပါဘူးဆိုပြီးတော့ တချို့က ပြောတယ်။ ဟုတ်တယ် ... လောကဘက်ကနေကြည့်လို့ရှိရင်လဲ လုပ်စရာတော့ မကောင်းဘူး။ သူ့ဟာ ဒါ ... အမြဲမပြတ် ရှုနေရမှာကိုး ... စိတ်တောင်မှ လွတ်လွတ်လပ်လပ် စိတ်ကူးတောင် မကူးရဘူး။ သူက စိတ်ကူးလေး ကူးရင်လဲ ဒီစိတ်ကူးကို ရှုရမှာကိုး။ ဒါပေမယ်လို့ ဒါ အရေးကြီးလို့ မြတ်စွာဘုရားက ဟောတာပဲ။ အခု မအားသေးပါဘူး။ နောက်မှ ရှုပါမယ်လို့ ဒီလို ရက်မရွှေ့နဲ့တဲ့။ ဟာ ... တို့ ငယ်ငယ်ရွယ်ရွယ် ရှိသေးတာပဲ၊ နောက်များမှပဲ ရှုတော့မယ်လို့ ဒီလို ရက်ရွှေ့မနေပါနဲ့တဲ့။ နက်ဖြန်သဘက် နေ့ရက်မဆိုင်းဘဲ ကနေ့ပဲ အားထုတ်ပါတဲ့။ ဘာကြောင့်တုန်းဆိုလို့ရှိရင် ...

သုဝေ မရဏံ - နက်ဖြန်ခါ၌ သေမည် ရှင်မည်ကိုကော အဘယ်သူသည်၊

ဇညာ - ဧကန်တိတိ အမှန် သိနိုင်ပါအံ့နည်း တဲ့။

အဲ ဒီတရား နက်ဖြန်ခါကျမှ အားထုတ်မယ်၊ သဘက်ခါကျမှ အားထုတ်မယ်ဆို ... အဲဒီတော့ကို ကိုယ်က အသက်ရှင်နေအုန်းမလား၊ မတော်တဆ သေသွားမလားဆိုတာ မသိနိုင်ဘူးတဲ့။ ဒါ သို့သော်လဲ အများအားဖြင့်တော့ကို နက်ဖြန်သဘက် မသေသေးဘူး၊ ခန့်မှန်းထားရင် မသေတာပဲ များပါတယ်။ မသေတာလဲ များပါတယ်။ တဦးတယောက်တော့ မတော်လို့ မသေသေးဘူး အောက်မေ့ပြီး သေသွားတာလဲ ရှိမှာပေါ့။ အဲ ... ဒါပေမယ်လို့ ဧကန်တော့ မသိဘူးတဲ့။ ဘယ်သူမှ ဧကန်တော့ သိတာ မဟုတ်ဘူး။ ဘာကြောင့်တုန်းဆိုလို့ရှိရင် -

"န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ"

ဟိ - အကြောင်းကား၊

မဟာသေနေန - များစွာသော စစ်သည်ရှိသော၊

တေန မစ္စုနာ - ထိုသေမင်းနှင့်၊

နော - ငါတို့အား၊

သင်္ကရံ - မိတ်ဆွေဖွဲ့ထားခြင်း တစိုးလက်ဆောင်ပေးထားခြင်း တိုက်ခိုက်ရန် စစ်သည်ဗိုလ်ပါ စုဆောင်းထားခြင်းသည်၊

န အတ္ထိ - မရှိချေ။

အဲဒီ သေမင်းနဲ့ စစ်တိုက်ဖို့ရာ စစ်သည်စုဆောင်းထားတာလဲ မရှိဘူးတဲ့။ သေမင်းဆိုတာက အင်မတန် အင်အားကောင်းပါတယ်တဲ့။ သေမင်းဆိုတာက စစ်သည်ဗိုလ်ပါတွေ အများကြီး ရှိတယ်တဲ့။ 

သူ့မှာ ... မီးလောင်ပြီးတော့ သေတယ်ဆိုရင်လဲ မီးက သူ့စစ်သည်ပဲ။ ရေနစ်ပြီးတော့ သေတယ်ဆိုရင်လဲ ရေက သူ့စစ်သည်ဖြစ်နေတာပဲ။ အဆိပ်သင့်ပြီး သေတယ်ဆိုရင်လဲ အဲဒီအဆိပ်က သူ့စစ်သည်ဖြစ်နေတယ်။ လက်နက်ဘေးဒဏ်တွေနဲ့ သင့်ပြီး သေတယ်ဆိုရင်လဲ လက်နက်ဘေးဒဏ်တွေက သူ့စစ်သည် ဖြစ်နေတယ်။ အဲ ... မော်တော်ကားတို့ ဘာတို့ တိုက်ပြုပြီးသကာလ သေပြန်ရင်လဲ အဲဒီ မော်တော်ကားက သူ့စစ်သည် ဖြစ်နေတယ်။ အဲ ... သေရာသေကြောင်းကတော့ အများကြီး ရှိပါတယ်။ အခု လောကမှာ အမျိုးမျိုးသော သတ္တဝါတွေ အမျိုးမျိုး သေနေကြတာကြောင့် သေစေနိုင်ကြောင်း စစ်သည်တွေ အများကြီး ရှိပါတယ်တဲ့။ သေမင်းမှာ ဒါကြောင့် တို့ ငယ်သေးတာပဲ၊ မသေသေးပါဘူးဆိုပြီးတော့ အောက်မေ့နေရင်း အောက်မေ့နေရင်းနဲ့ ဒီလိုပဲ သေကုန်ကြတာပဲ။ 

သတ္တဝါတွေဟာ အများအားဖြင့်တော့ ကြီးပွားဖို့ ချမ်းသာဖို့ ကောင်းစားဖို့ရာတွေ အမြဲတမ်း မျှော်လင့်နေတယ်။ အသက်ရှည်ဖို့ရာ၊ တနေ့ထက်တနေ့ ကြီးပွားဖို့ရာ ချမ်းသာဖို့ရာ ဒီလိုပဲ မျှော်နေတာပဲ။ မျှော်ရင်း မျှော်ရင်းနဲ့ ကြီးပွားချမ်းသာရယ်လို့တော့ မဟုတ်လှဘူး၊ တဖြည်းဖြည်းနဲ့ အိုမင်းရင့်ရော်ပြီးတော့ ဒီလို သေကုန်ကြတာပဲ။ လုပ်ရင်းကိုင်ရင်း အားထုတ်ရင်းနဲ့ ဒီလို သေကုန်ကြတာပဲ။ အဲဒီတော့ အဲဒီ သေရာ သေကြောင်းဖြစ်တဲ့ စစ်သည်တော်တွေ များစွာ ရှိတဲ့ သေမင်းနဲ့ မိတ်ဆွေဖွဲ့ထားတာလဲ မဟုတ်ဘူးတဲ့။ မိတ်ဆွေဖွဲ့ထားရင် ... ကျွှန်တော်ဗျာ တရက်လောက် တနှစ်လောက် ဆိုင်းပါအုန်း စသည်ဖြင့် ဒီလို မိတ်ဆွေဖွဲ့ထားလို့ရှိရင် ပြောလို့ ရမှာပေါ့။

ဒီလို မိတ်ဆွေမဟုတ်ဘူး ... အဲ တစိုးလက်ဆောင် ပေးထားလို့လဲ မဖြစ်ဘူးတဲ့။ လောကမှာတော့ လူအချင်းချင်း ဆိုလို့ရှိရင်တော့ နည်းနည်း သက်သာရာ ရတာတွေ ရှိတာကိုး။ သေခြင်းတရားမှာ ဒီလိုလဲ လက်ဆောင်ပေးထားတာလဲ မရှိဘူး။ လောကမှာတော့ သတ္တဝါအချင်းချင်းဆိုလို့ရှိရင် အင်အားတွေ စုပြီးတော့ တိုက်မယ် ခိုက်မယ်ဆိုရင် နိုင်နိုင်သေးတာကိုး။ အဲ သေခြင်းတရားကျတော့ ဒီလို တိုက်လို့ ခိုက်လို့ မနိုင်နိုင်ဘူး။ စုဆောင်းထားတဲ့ စစ်သည်ဗိုလ်ပါလဲ မရှိဘူး။ ဒါကြောင့် အဲဒီ သေခြင်းတရား မရောက်ခင်အတွင်း ဒီဘာဝနာတရား အားထုတ်နိုင်အောင်လို့ အားထုတ်ဖြစ်အောင် အားထုတ်ပါတဲ့။ နက်ဖြန်သဘက် နေ့ရက်ရွှေ့ပြီးတော့ မနေပါနဲ့တဲ့။ မြတ်စွာဘုရားက တိုက်တွန်းနေတယ်။

ဘာကြောင့်တုန်းဆိုလို့ရှိရင် ဒီလို တရားအားထုတ်ရမယ်ဆိုတာ အားထုတ်ရခဲတယ်။ မြတ်စွာဘုရားသာသနာနဲ့ အကြုံခဲကြီးဟာပဲကိုး။ ဘုရားသာသနာက အကြောင်းညီညွတ်လို့ ကြုံနေကြတာ။ ရှေးရှေးသော ဘဝတွေက မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရာ ဆုတောင်း ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား၏သာသနာတော်တွင်း လာပြီး လူဖြစ်ကြတယ်။ လူဖြစ်တာမှ သာမည ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ မြတ်စွာဘုရား၏ သာသနာတော် ထွန်းကားတဲ့ နေရာမှာ လာပြီးတော့ ဖြစ်တယ်။ မိဘတွေကလဲ ဗုဒ္ဓဘာသာတွေ ဖြစ်လို့ ဗုဒ္ဓဘာသာအမျိုးအနွယ်တွေထဲ လာပြီးတော့ ဖြစ်တယ်။ ငယ်ငယ်ကတည်းက စပြီးတော့ ဘုရားအကြောင်း တရားအကြောင်း သိလာကြတယ်။ သူတော်ကောင်းတရားတွေ သူတော်ကောင်းစိတ်တွေ ဝင်ပြီးတော့ လာကြတယ်။ တရားအားထုတ်လိုတဲ့ စိတ်ဆန္ဒတွေလဲ ထိုက်သည်အားလျော်စွာ ဖြစ်ပေါ်ပြီးတော့ လာကြတယ်။ 

အဲဒီလို ဖြစ်ပေါ်လာတာတွေဟာ အခြားမဟုတ်ဘူး၊ ရှေးရှေးသော ဘဝတွေက ပြုခဲ့တဲ့ ကုသိုလ်ပါရမီအဟုန်တွေကြောင့် ဖြစ်လာတာ။ ဒါ အကြောင်းညီညွတ်လို့ ဒီလို အခြေအနေမျိုးတွေကို ရောက်ပြီးတော့ ရပြီးတော့ နေတယ်။ အဲဒီလို ရပြီးတော့ နေတဲ့ အချိန်အတွင်းမှာ ဒီ တရားအားမထုတ်ဘဲနဲ့ နေလို့ရှိရင် တနေ့တရက်ကလေးပေမယ့် လွဲပြီးတော့ သွားနိုင်ပါတယ်တဲ့။

မြတ်စွာဘုရား တရာဦး ဟောခါနီး၊ မြတ်စွာဘုရား ဘုရားဖြစ်ပြီးတဲ့နောက် ခုနစ်ရက် ခုနစ်လီ လေးဆယ့်ကိုးရက် သတ္တဌာနဆိုတာတွေ ရှိတယ်။ အဲဒီမှာ မြတ်စွာဘုရား ဝိမုတ္တိသုခဆိုတာ အရဟတ္တဖလသမာပတ် ဝင်စားလို့ တရားသဘောတွေလဲ နှလုံးသွင်းဆင်ခြင်လို့ ခုနစ်ရက် ခုနစ်လီ လေးဆယ့်ကိုးရက် နှလုံးသွင်းပြီးတော့ နေတယ်။ အဲဒီလို သီတင်းသုံးပြီးတော့ လေးဆယ့်ကိုးရက်အလွန် ရက်ငါးဆယ်မြောက်ကျတော့ တရားဟောမယ်လို့ စဉ်းစား ဆင်ခြင်တဲ့အခါကာလ ဒီတရားက အင်မတန် နက်နဲ့တယ်တဲ့။ ဘယ်သူ့ဟောရမလဲ ... ဒီတရားဟာ ဘယ်သူ့ကို ရှေးဦးစွာ ဟောလို့ရှိရင် ဘယ်သူဟာ လွယ်လွယ်ကူကူနဲ့ သိနိုင်မလဲလို့ စဉ်းစား ဆင်ခြင်တဲ့အခါကာလမှာ အာဠာရတို့ ဥဒကတို့ဆိုတဲ့ ရသေ့ကြီးတွေ ပေါ်လာတယ်။

အာဠာရ, ဥဒက ရသေ့ကြီးတွေက ဘုရားအလောင်းတော် တောထွက်ပြီးသွားတဲ့အခါကာလ၊ တရား လိုက်ပြီးတော့ ရှာ၊ နောက် အဲဒီ အာဠာရရသေ့ကြီး ဥဒကရသေ့ကြီးတွေထံ ရောက်သွားတယ်။ အဲဒီ ရသေ့ကြီးတွေက ဟိုအခါတုန်းက တော်တော် ထင်ရှားနေတယ်။ ဈာန်သမာပတ်တွေ သူတို့က ပြနေတယ်။ သမထကမ္မဌာန်းတွေ သူတို့ ပြနေတယ်။ ဈာန်သမာပတ်တွေ ကိုယ်တိုင်လဲ ပြည့်စုံတယ်။ ကိုယ်တိုင် ပြည့်စုံပြီးတော့ ဟောပြော ပြသနေတယ်။ အဲဒီမှာ ဝင်ရောက်ပြီးတော့ ဘုရားအလောင်းတော်က နည်းခံပြီးတော့ တရားအားထုတ်တာကိုး။ ဈာန်သမာပတ်တွေ ရလဲ ရပါတယ်။ လွယ်လွယ်ကူကူပဲ ခဏကလေးနဲ့ ရပြီးတော့ အဲဒီ ဈာန်သမာပတ်တွေ စဉ်းစားကြည့်တဲ့အခါမှာ ဒါတွေဟာ ငါလိုချင်တဲ့ တရား မဟုတ်သေးဘူးတဲ့။ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့တရား မဟုတ်သေးဘူး။ အဲဒီတော့ ဒီတရားနဲ့ အားရရောင့်ရဲနေလို့ မဖြစ်သေးဘူးဆိုပြီး အဲဒီတရားတွေ စွန့်လွှတ်ပြီးတော့ ကိုယ့်ဟာကိုယ် အသစ် ထပ်မံ ရှာပြီး အားထုတ်တဲ့အခါကျတော့မှ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားဆိုတာ တွေ့သွားရတာကိုး။ အဲဒီလို ရပြီးတော့ သွားတော့ ရှေးဦးစွာ တရားဟောမယ်လို့ စဉ်းစားတဲ့ အခါကာလ ဒီရသေ့ကြီးတွေ ပေါ်လာတယ်။ 

ဒီ ရသေ့ကြီးတွေဟာ သူတော်ကောင်းတွေပဲတဲ့၊ ကိလေသာတွေ စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ၊ ဒီပုဂ္ဂိုလ်တွေ ငါ ဒီတရား ဟောလိုက်ရလို့ရှိရင် အဲ ... သူတို့ ခဏလေးနဲ့ သိသွားမှာပဲလို့။ အဲဒီ အာဠာရ ဥဒကရသေ့တွေ တရားဟောဖို့ရာ စဉ်းစားတော့ အာဠာရရသေ့က စုတေသွားလို့ ခုနစ်ရက်ရှိပြီတဲ့။ ဥဒကရသေ့ကတော့ ညဉ့်ဦးယာမ်ကပဲ စုတေသွားပါတယ်တဲ့။ အဲဒါကြောင့် မြတ်စွာဘုရား တရားမဟောလိုက်ရဘူး။ အကယ်၍သာ မြတ်စွာဘုရား တရားဟောရလို့ နာရလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ မဂ်ဖိုလ်ရမယ့် ပုဂ္ဂိုလ်တွေပဲတဲ့။ ဒါပေမယ်လို့ အဲဒီ မဂ်ဖိုလ်လဲ မရဘူး။ စုတေသွားနှင့်တော့ကို တရားနဲ့ လွဲသွားရတယ်။ လွဲသွားပြီးတော့ သူတို့ အရူပဘုံဆိုတာ ရောက်နေတယ်။ ရုပ်မရှိဘူး၊ နာမ်ချည်းပဲ၊ စိတ်ချည်းပဲ ရှိနေတဲ့ ဘုံ။ အဲဒီဘုံ ရောက်နေတယ်။ အဲဒီဘုံ ရောက်နေတော့ မြတ်စွာဘုရားက လိုက်ပြီးတော့ တရားဟောလို့လဲ မဖြစ်ဘူး။ စိတ်ချည်းပဲ ရှိနေတော့ နားမှ မရှိဘဲဟာကိုး။ တရားဟောလို့ ဘယ်ကြားနိုင်မှာလဲ။ အဲဒီလို ဘုံတွေ ရှိတယ်။ အဲဒီ အရူပဘုံတွေ ရောက်ပြီးတော့ လွဲပြီးတော့ သွားရတယ်။ အဲဒါဟာ တဦးက ခုနစ်ရက် လွဲသွားတယ်။ တဦးက တညဉ့်၊ ညဉ့်ဦးကလေး လွဲသွားတယ်။ နောက်တရက်လောက် ရှိနေလို့ရှိရင် မဂ်ဖိုလ်ကိုလဲ ရမှာပဲ။ အဲဒါလိုပဲ၊ နေ့ရက်တွေ ဆိုင်းနေလို့ရှိရင်ဖြင့် မိမိတို့ ရမယ့် တရားတွေ မရဘဲနဲ့ လွဲပြီးသကာလ သွားနိုင်ပါတယ် တဲ့။ ဒါကြောင့် -

"အဇ္ဇေဝ ကိစ္စ မာတဗ္ဗံ"

အာတပ္ပံ - သမ္မပ္ပဓာန် လုံ့လဖြင့် ပြုသင့်ပြုထိုက်သော အမှုကို၊

အဇ္ဇေဝ - နက်ဖြန်သဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်၊

ကိစ္စံ - ပြုလုပ် အားထုတ်အပ်၏ တဲ့။

နက်ဖြန်သဘက် နေ့ရက် မဆိုင်းဘဲနဲ့ ယနေ့ပဲ အားထုတ်ပါတဲ့။ အားထုတ်လို့ရှိရင် ရသင့်ရထိုက်တဲ့ တရားတွေ ရသွားမှာပေါ့လေ။ နည်းနည်း အားထုတ်ရင် နည်းနည်း ရမှာပဲ။ များများ အားထုတ်နိုင်ရင် များများ ရမှာပဲ။ အဲ နက်ဖြန်သဘက် နေ့ရက်မဆိုင်းပဲနဲ့ ယနေ့ပဲ အားထုတ်ပါတဲ့။

"ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။

တံ ဝေ 'ဘဒ္ဒေကရတ္တော'တိ၊ သန္တော အာစိက္ခတေ မုနိ။"

အဟောရတ္တံ - နေ့ရောညဉ့်ပါ၊

အတံဒိသံ - မပျင်းမရိ၊

အာတာပိံ - ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍၊

ဧဝံ ဝိဟာရိံ - ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် အားထုတ်၍နေသော၊

တံ - ထိုပုဂ္ဂိုလ်ကို၊

ဘဒ္ဒေကရတ္တောတိ - ကောင်းမြတ်သော နေ့ညဉ့်အချိန်ကာလရှိသာ ပုဂ္ဂိုလ်ဟူ၍၊

တံ - ထို ကိလေသာမီး ငြိမ်းအေးတော်မူသော မြတ်စွာဘုရားသည်။

အာစိက္ခတေ - ဟောကြားတော်မူ၏။

အဲ ခု ပြောတဲ့အတိုင်း နက်ဖြန်သဘက် နေ့ရက်မဆိုင်းဘဲနဲ့ အချိန်ကာလ မဆိုင်းဘဲနဲ့ အဲဒါ ဖြစ်ဆဲ ရုပ်နာမ်တွေကို ပစ္စုပ္ပန်ရုပ်နာမ်လေးတွေကို လျှောက်ပြီး တခါတည်း မနေမနား တရစပ် ရှုပြီးတော့ နေလို့ရှိရင်တဲ့ ... အဲဒီ ပုဂ္ဂိုလ်ဟာ ကောင်းသော နေ့ညဉ့်အချိန်ကာလတွေ ရနေတာပါပဲတဲ့။

တမိနစ်လောက် ရှုနေ၊ တမိနစ်လောက် အချိန်အခါကောင်း ရသွားတယ်။ ငါးမိနစ်လောက် ရှုရင် ငါးမိနစ်လောက် အချိန်အခါကောင်း ရတယ်။ တနာရီလောက် ရှုရင် တနာရီလောက် အချိန်အခါကောင်း ရတယ်။ တနေ့ ရှုလို့ရှိရင်လဲ တနေ့ အချိန်အခါကောင်း ရတယ်။ အဲ ကောင်းသော အချိန်အခါ ရသွားတာပဲတဲ့။ ဒီ ပုဂ္ဂိုလ်ဟာ ကောင်းသော အချိန်အခါ ရအောင်လို့ အားထုတ်ဖို့ရာ လိုပါတယ်။ အဲ တရားအထူးတွေ သိဖို့ရာကတော့ အားထုတ်တဲ့အခါကျမှ သိမှာပဲ။ ဘုန်းကြီးများ ဟောလို့ သိမှာကတော့ နည်းနည်းပဲ သိမှာပဲ။ ဟောတာကတော့ ဘယ်လို ဟောနေ၊ ဒါကတော့ နည်းနည်း နည်းနည်းပဲ သိမယ်။ အဲ သေသေချာချာ ကိုယ်တိုင်တွေ့ပြီး သိမှာကတော့ အားထုတ်တဲ့အခါကာလကျရင်တော့ သိမှာပဲ။ အဲ ရှေးက မဖြစ်ဖူးသေးတဲ့ စိတ်တည်ကြည်မှု သမာဓိတွေ ဒါတွေကို ကိုယ်တိုင် တွေ့ပြီးတော့ သိသွားမယ်။ ပြီးတော့ မဖြစ်ဖူးသေးတဲ့ အသိဉာဏ်တွေ ကိုယ်ထဲမှာ ရုပ်နဲ့ နာမ်နဲ့ နှစ်ပါးပဲ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မရှိဘူး၊ ရှုရင်း ရှုရင်း ကိုယ့်ဟာကိုယ် သိမှာပဲ။ ဒါကို ဘုန်းကြီးများက ဟောလို့လဲ မဟုတ်ဘူး။ စာအုပ်ထဲ ဘာထဲက ကြည့်လို့လဲ မဟုတ်ဘူး။ အဲဒီ ဟောလို့ ပြောလို့ သိတာ၊ စာအုပ်ထဲက နေပြီးတော့ တွေ့လို့ သိတာကတော့ အသိတွေပဲ ရှိတယ်။ ကိုယ်တိုင်သိတာ မဟုတ်သေးဘူး။

အဲ ကိုယ်တိုင် သိတာကတော့ ကိုယ့်သန္တာန်မှာ တကယ် ဖြစ်ပေါ်တာတွေ ရှုပြီးတော့ အဲ ကိုယ့်ဟာကိုယ်တွေ့ပြီးသကာလ သိသွားမယ်။ မြတ်စွာဘုရားဟောတဲ့ တရားက သန္ဒိဋ္ဌိကတရားပဲတဲ့။ ကျင့်ကြံ အားထုတ်လို့ရှိရင် ကိုယ်တိုင် တွေ့နိုင်တဲ့ တရားပဲ။ ကိုယ်တိုင် ကျင့်ကြံ အားထုတ်လို့ရှိရင် ကိုယ်တိုင်ပဲ တွေ့ပါတယ်။ သန္ဒိဋ္ဌိကော ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပဲ တဲ့။

လောကမှာ တရားတွေဆိုတာ အမျိုးမျိုး ရှိကြတယ်။ အဲဒီ အမျိုးမျိုးသော တရားတွေက ကိုယ်တိုင်တွေ့နိုင်တဲ့တရားတွေ မဟုတ်ဘူး။ ဒီ ကောင်းကင်က ဘုရားသခင် ယုံကြည်တဲ့တရားတွေပဲ များပါတယ်။ အဲဒီတရားတွေက သူတို့ဘုရားသခင် ဟောတဲ့အတိုင်း အဲဒါပဲ ကြည့်နေရတာပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် မျက်စိမှိတ်ပြီး ယုံကြည်နေရတာပဲ။ အဲ မြတ်စွာဘုရားဟောတဲ့တရားက အဲဒီလို ယုံရတာ မဟုတ်ဘူး။ ကိုယ်တိုင် တွေ့နိုင်တဲ့ တရားပဲ။ ကျင့်ကြည့်ရင် ကိုယ်တိုင်တွေ့ပါလိမ့်မယ်တဲ့။ သန္ဒိဋ္ဌိကော ကျင့်ကြံအားထုတ်က မုချ ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပဲတဲ့။ ဒီ တရားတော်မြတ်ဂုဏ်လဲ အာရုံပြုဖို့ရာ ... ကိုင်း ဆိုစမ်းပါဦးတော့ ... တရားအားထုတ်ဖို့ရာ အစ တိုက်တွန်းတဲ့ တရားပဲ။

"သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား" 

အဲ ကျင့်ကြံ အားထုတ်လို့ရှိရင် ကိုယ်တိုင် တွေ့နိုင်တဲ့ တရားတဲ့။ ဘုန်းကြီးများဟောနေတာလဲ ကိုယ်တိုင် တွေ့နိုင်တဲ့ တရားပဲ။ ကိုယ်တိုင်တွေ့နိုင်လို့ အားထုတ်တဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင် တွေ့တာပဲ။ ဟောတာကတော့ နည်းနည်း အားပေးရုံလောက်ပဲ ဟောပေးနိုင်တယ်။ အင်း ဟောရုံနဲ့ကတော့ တခါတည်း နှစ်နှစ်ခြိုက်ခြိုက် သဘောကျသွားအောင် အဲဒါကတော့ မဖြစ်နိုင်ဘူး။ အဲ ကိုယ်တိုင် ဒီလို ဒီလို ကျင့်ရမယ်။ ဒီလို ကျင့်ရင် ဒီလို တွေ့ပါလိမ့်မယ်။ အစကလေး ဒီအကြောင်းကလေး နည်းနည်းပါးပါး ပြော ပြောပေးရင် ကိုယ့်ဟာကိုယ် အားထုတ်၊ ကိုယ့်ဟာကိုယ် အားထုတ်ရင် ကိုယ့်ဟာကိုယ် တွေ့တာပဲ။ ရုပ်တရား နာမ်တရားတွေ ရှိတယ်။ ဒါ ကိုယ့်ဟာကိုယ် သိရမယ်။ ဖြစ်ပျက်နေလို့ မမြဲဘူးဆိုတာ ကိုယ့်ဟာကိုယ် သိရမယ်။ အဲ အနိစ္စ မမြဲဘူးဆိုတာ ကိုယ်တိုင် သိရမယ်။ ဒုက္ခ ဆင်းရဲတယ်ဆိုတာ ကိုယ်တိုင် သိရမယ်။ အနတ္တ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး သဘောတရားပဲဆိုတာ ကိုယ်တိုင် သိရမယ်။ ဒါတွင် မကဘူး နောက်ဆုံး နိဗ္ဗာန်တရားဆိုတာ ကိုယ်တိုင် သိရမှာပဲ။ ပြောလို့ ဟောလို့ သဘောကျတဲ့ နိဗ္ဗာန်က တခြားပဲ။ ကိုယ်တိုင် သိရမှာ။ ကိုယ်တိုင် သိမှ သူ့ဥစ္စာ ... အဖိုးတန်တဲ့ တရားပဲ။ ကိုယ်တိုင် သိသွားတော့ သူက အင်မတန် အဖိုးတန်ပါတယ်။ အရေးလဲ ကြီးပါတယ်တဲ့။

မြတ်စွာဘုရားက အနာထပိဏ်သူဌေးကြီးရဲ့သား ကာဠကို အကြောင်းပြုပြီးတော့ တရားလေးတပုဒ် ဟောတာ ရှိတယ်။ အားထုတ်စရာလဲ ကောင်းပါတယ်။

ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။

သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။ 

အဲဒါ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်တွေ့သွားတဲ့ဥစ္စာပဲ။

ပထဗျာ - တမြေပြင်လုံး၌၊

ဧကရဇ္ဇေန ဝါ - တဦးတည်းတည်းသော မင်းပြုရသည်ထက်လည်းကောင်း၊

သဂ္ဂဿ ဂမနေန ဝါ - နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်လည်းကောင်း၊

သဗ္ဗလောကာဓိပစ္စေန ဝါ - အလုံးစုံသော လောကကို အစိုးရသူဖြစ်သည်ထက်လည်းကောင်း၊

သောတာပတ္တိဖလံ - သောတာပတ္တိဖိုလ်သည်၊ ဝါ - သောတာပတ္တိဖိုလ်ကို မျက်မှောက်တွေ့မြင်ရခြင်းသည်၊ 

ဝရံ - ကောင်းမြတ်၏ တဲ့။

အဲ သောတာပတ္တိဖိုလ်ဆိုတဲ့ တရားကို မြတ်စွာဘုရား၏ သာသနာတော်မှာ ကျင့်ကြံအားထုတ်ရင် ဒါ ကိုယ်တိုင် တွေ့နိုင်တာပဲ။ ဒါ တွေ့ရင်ဖြင့် ကောင်းတယ်တဲ့။ ဘယ်လောက်ကောင်းသလဲဆိုရင် တပြည်ထောင်လုံး အစိုးရတဲ့ မင်းဖြစ်တာထက်လဲ ကောင်းပါတယ်တဲ့။ အခု လောကမှာ တော်ရုံတန်ရုံ အခြေအနေ အဆင့်အတန်းနဲ့ ပြည့်စုံရုံလောက်တော့ အထူး ပြောစရာ မလိုဘူး။ တပြည်ထောင်လုံး အစိုးရတဲ့ ရှေးခေတ်တုန်းက အာဏာပိုင်မင်းတွေပေါ့လေ၊ တပြည်ထောင်လုံး အစိုးရတဲ့ မင်းတွေ အဲဒီလို မင်းတွေ ဖြစ်ရတာထက်လဲ ကောင်းပါတယ်တဲ့။ ဘာကြောင့်တုန်းဆိုရင် လောက တပြည်ထောင်လုံး အစိုးရတဲ့မင်း ဖြစ်ပေမယ်လို့လဲပဲ သေလို့ရှိရင် ဘယ်သွားမလဲဆိုတာ ဘယ်သူမှ တာဝန်မခံနိုင်ဘူး။ သေပြီးတဲ့နောက် ငရဲမကျစေရဘူး တာဝန်ခံ မရှိဘူး။ တိရစ္ဆာန်မဖြစ်စေရဘူး ပြိတ္တာမဖြစ်စေရဘူးလို့ တာဝန်ခံ မရှိဘူး။ အပါယ်လေးပါး မကျစေရပါဘူးလို့ တာဝန်ခံ မရှိဘူး။ နတ်ပြည်ရောက်ပါစေမယ်လို့ တာဝန် မခံနိုင်ဘူး။ ဗြဟ္မာပြည်ရောက်ပါစေမယ်လို့ တာဝန် မခံနိုင်ဘူး။ အဲ အခု သောတာပတ္တိဖိုလ်ကို ရသွားလို့ရှိရင်တဲ့ ဒီ တရားအားထုတ်လို့ ကိုယ်တိုင် တွေ့သွားလို့ရှိရင် အဲဒါ တာဝန်ခံနိုင်ပါတယ်တဲ့။ အပါယ်လေးပါး မကျရဘူး၊ ငရဲ တိရစ္ဆာန် ပြိတ္တာတွေ မဖြစ်ရဘူးတဲ့။ အဲ သံသရာက မထွက်မြောက်သေးလို့ နိဗ္ဗာန်ကို တိုက်ရိုက် မရောက်သေးလို့ရှိရင်လဲ လူ့ပြည် နတ်ပြည် သုဂတိဘဝတွေမှာ ရောက်နေမှာပဲ။ အဲဒါတွေက တာဝန်ခံနိုင်တယ်။

သဂ္ဂဿ ဂမနေန ဝါ - နတ်ပြည် ဗြဟ္မာ့ပြည် သွားရတာထက်လဲ ကောင်းပါတယ် တဲ့။

နတ်ပြည် ဗြဟ္မာ့ပြည် နတ်ဖြစ် ဗြဟ္မာဖြစ်လဲပဲ ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်၊ ဒါနကုသိုလ် သီလကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်တွေ နတ်ပြည်တွေမှာ ဖြစ်၊ ကောင်းတော့ ကောင်းနေတာပဲ။ ဒါပေမယ်လို့ အဲဒီ နတ်ပြည်က စုတေတဲ့အခါကာလ အပါယ်လေးပါး မကျပါဘူးဆိုတာ တာဝန်မခံနိုင်ပြန်ဘူး။ သူက သမထတရားတွေ အားထုတ်လို့ ဈာန်ရသွားရင် ဗြဟ္မာ့ပြည် ရောက်ကောင်းတော့ ကောင်းနေတာပါပဲ။ ဒါပေမယ်လို့ အဲဒီ ဗြဟ္မာ့ပြည်က စုတေတဲ့အခါကာလ အပါယ်လေးပါး မကျပါဘူးလို့ တာဝန်မခံနိုင်ပြန်ဘူး။ အခု သောတာပတ္တိမဂ်ဖိုလ်တရားတွေ မြတ်စွာဘုရား၏ သာသနာတော်မှာ အားထုတ်လို့ တွေ့သွားရင်တဲ့ ဒီ ဥစ္စာကတော့ အပါယ်လေးပါးကို ဘယ်တော့မှ မကျဘူးတဲ့။ သူက တာဝန်ခံနိုင်တယ်။

သဗ္ဗလောကာဓိပစ္စေန ဝါ - အလုံးစုံသော လောကကို အစိုးရသည်ထက်လည်း၊

ဝရံ - ကောင်းမြတ်ပါတယ်တဲ့။

အလုံးစုံသော လောကအစိုးရနေတဲ့ ဗြဟ္မာကြီးတွေဆိုတာ ရှိတယ်။ အဲဒီ ဗြဟ္မာကြီးတွေဟာလဲပဲ ဒီဗြဟ္မာ့ဘုံက စုတေလို့ရှိရင် အပါယ်လေးပါး မကျပါဘူးလို့ တာဝန်မခံနိုင်ဘူး။ အဲ အခု သောတာပတ္တိဖိုလ် ရသွားတဲ့ ပုဂ္ဂိုလ်က တာဝန်ခံနိုင်ပါတယ်တဲ့။ အဲဒါ ကာဠဆိုတဲ့ အနာထပိဏ်သူဌေးသားကို အကြောင်းပြုပြီးတော့ ဟောထားတယ်။ 

အနာထပိဏ်သူဌေးကြီးရဲ့သား ကာဠဆိုတဲ့ သူငယ်က စောစောပိုင်းတုန်းက သူက ဘုရားတရားတွေ ဝါသနာ မပါဘူး။ ဘုရားနဲ့ တွေ့ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာဖြစ်ရတာကိုး။ ဘုရားကို မတွေ့ခင်ကတော့ သူတို့လောကမှာ ရှိတဲ့ ဘာသာနေမှာပေါ့။ ဟိုမှာ ရှိတဲ့ ဗြဟ္မာဏဘာသာတွေ နေမှာပေါ့။ ဟိုခေတ်တုန်းက အားလုံး ဗြဟ္မာဏဘာသာတွေ နေမှာပဲ။ ဗြဟ္မာဏဘာသာ မဟုတ်ရင်လဲ ဟို တိတ္ထိဆရာကြီး ခြောက်ယောက်တို့ဆိုတာ ရှိတယ်။ အဲဒီ ဂိုဏ်းကြီးတွေရဲ့ ဘာသာတွေရင်လဲ ဖြစ်မှာပေါ့။ နောက်မှ မြတ်စွာဘုရား ပွင့်ပြီးတဲ့နောက် ပထမဝါ ဗာရာဏသီမှာ သီတင်းသုံးတယ်။ ဗာရာဏသီကနေ ကြွသွားပြီးတော့နောက် ဥရုဝေဠတောက ရသေ့တွေကို တရားဟောချွတ်ပြီးတော့ ရာဇဂြိုဟ်မြို့သို့ ကြွ၊ အဲဒီ ရာဇဂြိုဟ်မြို့မှ တရားဟောပြီးတော့နေတဲ့ အခိုက်အတန့်မှာ အနာထပိဏ်သူဌေးက ဒီ ရောက်လာတာကိုး။ အနာထပိဏ်သူဌေးက အဲဒီ ရောက်ပြီးတော့လာတဲ့အခါကာလ ဘုရားပွင့်တယ်ဆိုတာ ကြားတော့ ညမှာ သတင်းကြားတယ်။ ညတွင်းချင်းပဲ သွားချင်တဲ့စိတ်တွေ ပေါ်လာတယ်။ ပေါ်လာပေမယ်လို့  ညဆိုတော့လဲ သူဌေးလဲဖြစ်၊ မြတ်စွာဘုရားနေတာကလဲ တောထဲမှာ နေနေတော့ တောကျောင်းဆိုတော့ မသွားနိုင်ဘဲနဲ့ ဖြစ်နေတယ်။ ည ... ဘုရားကို အာရုံပြုပြီး အိပ်ရင်း အိပ်ရင်းနဲ့ တခါတည်း ဘုရားဆီ သွားချင်တဲ့စိတ်တွေက အားကြီးနေတော့ အိပ်ရာက နိုးတိုင်း နိုးတိုင်း သူ့မှာ လင်းနေတယ် ဆိုပဲ။ ဒါ ဗုဒ္ဓါနုဿတိ ကျကျနန အားထုတ်တာ မဟုတ်သေးဘူး။ ဘုရားဆီ သွားချင်တဲ့စိတ်နဲ့ စောပြီးတော့ ဖြစ်နေတဲ့ ဗုဒ္ဓါနုဿတိဘာဝနာပဲ။ အဲ ယခု ကျမ်းဂန်နဲ့ တရားဒေသနာတော်အရနဲ့ အားထုတ်တဲ့ ဗုဒ္ဓါနုဿတိတောင် မဟုတ်သေးဘူး။ ဒါပေမယ်လို့ သူ့စိတ်က အတော် ထက်သန်ပုံရပါတယ်။ အဲဒီတော့ ဘုရားအာရုံပြုပြီး နှလုံးသွင်းပြီးတော့ အိပ်ပျော်သွား၊ အိပ်ရာက နိုးလာတော့ တခါတည်း ဒီဘာဝနာအဟုန်ကြောင့် လင်းနေတယ် ဆိုတယ်။ လင်းနေတော့ လင်းပြီ အောက်မေ့လို့ အပြင်ဘက် ထွက်ကြည့်တော့ ဟိုတုန်းကတော့ နာရီက မရှိတော့ ကောင်းကင်က ကြယ်တာရာတွေ ကြည့်ရတယ်။ အဲဒါတွေ ကြည့်တော့ မလင်းသေးမှန်းသိတော့ ပြန်အိပ်နဲ့ နောက်တခါတော့ အရုဏ်တက်ချိန်ကလဲ ရောက်ပြီးတော့နေလို့ လင်းလောက်ပြီဆိုပြီးတော့ ထွက်သွားတယ်။ ထွက်သွားတဲ့လမ်းက သုဿန်ထဲက ဖြတ်သွားရလို့ သူသေကောင်တွေတောင် တိုက်မိလို့ အလင်းတွေ ပျောက်သွားတာတွေလဲ ရှိပါသေးတယ်။ နောက် ဘုရားဆီ ရောက်သွားတယ် ဆိုပါတော့၊ အတိုချုပ် ပြောရမယ်။ 

အဲ မြတ်စွာဘုရားဆီ ရောက်သွားတဲ့အခါကျတော့ မြတ်စွာဘုရားရဲ့တရား နာပြီးတော့ အဲဒီမှာ တရားထူးတွေ ရသွားတာကိုး။ သောတာပန် ဖြစ်သွားတယ်။ အဲဒီကနေပြီးတော့မှ သူက ဗုဒ္ဓဘာသာ ဖြစ်သွားတာကိုး။ ဖြစ်သွားပြီးတော့ မြတ်စွာဘုရားကိုလဲ ပင့်လာတယ်။ ပင့်လာပြီးတော့ မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်ထားတယ်။ ဒါပေမယ် သားဖြစ်တဲ့ ကာဠဆိုတဲ့ သူငယ်က သူက ဘုရားတရားတွေကို မကြည်ညိုဘူးတဲ့။ မကြည်ညိုဆို သူတို့ စောစောက စွဲလမ်းထားတဲ့ အယူဝါဒတွေ ရှိမှာပေါ့။ သူ့ဟာ ပထမ အနာထပိဏ်သူဌေး ဘုရားမကိုးကွယ်ခင်တုန်းက သူ့မူလက ကိုးကွယ်တဲ့ ယူဆထားတဲ့ အယူအဆ ဘာသာတွေ ရှိမှာပေါ့။ သူက အဲဒီ အစွဲအလမ်းတွေ ရှိပါလိမ့်မယ်။ အဲဒါကြောင့် အနာထပိဏ်သူဌေးကြီးကလဲပဲ အင်မတန် တရားဘက်က ဝါသနာပါတယ်။ သူ့အိမ်မှာ ရှိတဲ့ ပုဂ္ဂိုလ်ဟူသမျှဟာ အကုန်လုံး တရားနာရတယ်။ ဥပုသ်သီတင်းသီလတွေ ဆောက်တည်ရတယ်။ အဲဒါတွေ သူက အကုန်လုံး တိုက်တွန်း နှိုးဆော်ပြီးသကာလ သူက အာပေးတယ်။ အဲဒီ သူ့သားကတော့ကို ရတနာသုံးပါး၌ ကိုင်းရှိုင်း ဆည်းကပ်ခြင်း မရှိတော့ကို သူက စဉ်းစားတယ်တဲ့။ ငါ့သားတော့ ခက်တော့တာပဲ။ ငါ့သား ဒီတိုင်းသာ သွားလို့ရှိရင်တော့ သေရင်ဖြင့် အပါယ်လေးပါး ကျသွားမှာပဲတဲ့။ 

ဒီသား ... ဒီတော့ကို ငါ့မျက်မှောက်ရှိလျက်နဲ့တော့ အပါယ်လေးပါးတော့ ကျစေလို့ မဖြစ်ဘူး။ ဒီတော့ တနည်းနည်းနဲ့ သူ့ကို တရားဖက်ကို ပါအောင်တာ့ ဆွဲဆောင်အုန်းမှပဲဆိုပြီးတော့ သူ့သားကို တနေ့တော့ ခေါ်ပြီးတော့ ... ဟေ့ မောင်ကာဠ၊ မင်း ကျောင်းသွားလို့ ဥပုသ်စောင့်၊ မင်း ဥပုသ်စောင့်လို့ရှိရင် ငါငွေတရာ ပေးမယ် ... ဒီလို ပြောတာကိုး။ ငွေတရာပေးမယ်လို့ဆို‌တော့ သူက ခပ်ငယ်ငယ်နဲ့ တူပါတယ်။ သိပ် ကြီးပုံလဲ မရသေးပါဘူး။ အဟုတ်ပေးမှာလား မေးတော့ အဟုတ် ပေးမှာပဲ၊ အဟုတ် ပေးမှာပေါ့။ ဥပုသ်စောင့်လို့ရှိရင် ငါ ငွေတရာ ပေးမယ်။ ဒါနဲ့ ကာဠက ကျောင်းသွားပြီးတော့ ဥပုသ်စောင့်တယ်။ ရှေးတုန်းက ဥပုသ်စောင့်တယ်ဆိုတာ ကျောင်းမှာ ဥပုသ်စောင့်ပြီး ကျောင်းမှာပဲ အိပ်ပြီးတော့ မနက်မှ ပြန်ရတာကိုး။ အဲဒီ ကျောင်းမှာပဲ သူက တနေရာရ အိပ်ပြီးသကာလ ပြန်လာ၊ တရားတွေ ဘာတွေ မနာပါဘူး၊ ငွေတရာပေးမယ်ဆိုလို့ သွားပြီး ဥပုသ်စောင့်တော့ ပြန်လာပြီးတော့ မနက်ပြန်လာတယ်ဆိုရင်ဖြင့် အနာထပိဏ်သူဌေးကြီးက သူ့သား ကာဠ ဥပုသ်စောင့် ပြန်မယ်ဆိုတော့ ယာဂုတို့ စားဖွယ်သောက်ဖွယ် ရှိတာတွေ အကုန်လုံး ကျွေးကြ ကျွေးကြဟ ဆိုပြီးတော့ ဂရုစိုက်ပြီးတော့ အကျွေးခိုင်းတယ်။ ဒါပေမယ်လို့ ကာဠဆိုတဲ့ သူငယ်က ပထမ ဝန်ခံထားတဲ့ ငွေမရတော့ မစားသေးဘူး။ ငွေပေးမှ စားမယ်။ ဟာ ... ရမှာပါပဲ၊ မင်း စားသာစားပါ ပြောပေမယ့် စိတ်မချဘူး။ သူက ငွေပေးမှပဲ စားမယ် ပြောတော့ နောက်တော့ မစားဘဲနဲ့နေတာနဲ့ သူဌေးက ငွေတရာ ပေးရတယ်။ ငွေတရာပေးတော့မှ သူက ကျွေးတာ စားတယ်။ 

နောက်တရက်တော့ သူဌေးကြီးက ပြောတယ်။ ဟေ့ ... မင်းကျောင်းသွားပြီး ဥပုသ်စောင့်အုန်းကွဲ့၊ စောင့်လို့ရှိရင် ငါ ငွေတထောင် ပေးမယ်။ ဒါပေမယ်လို့ မင်း တရားကလေး တပုဒ်လဲပဲ မှတ်လာခဲ့၊ တရားလေး တပုဒ်လဲ နာ၊ တရားတပုဒ် နာပြီးတော့ အဲဒီ တရားတပုဒ် ရလာလို့ရှိရင်တော့ အဲဒါ ငွေတထောင် ပေးမယ်၊ အဲဒါ သွားအုန်း ဆိုတော့ ငွေတထောင် လိုချင်တာနဲ့ တရားတပုဒ်လောက်‌တော့ ရအောင်လုပ် တရားနာအုန်းမှပဲ ဆိုပြီး သွားတာကိုး။ သွားတော့ မြတ်စွာဘုရားက တရားဟောနေတယ်။ မြတ်စွာဘုရား တရားဟောတော့ သူကလဲ ဂါထာတပုဒ်လောက်ကို ရအောင်လို့ တခါတည်း ဂရုစိုက်ပြီးတော့ နာနေတယ်။ မြတ်စွာဘုရားကလဲပဲ ဒီလို နာနေမှန်း သိနေတာကိုး။ သိနေတော့ သူမမှတ်နိုင်အောင်လို့ကို တရားတွေက ဟောနေတယ်။ တရားတွေက ဟောနေတော့ ဒီက မမှတ်နိုင်တော့ ရှေ့နားကျရင် မှတ်နိုင်ကောင်းပါရဲ့ဆိုပြီးတော့ စူးစိုက် စူးစိုက်ပြီးသကာလ နာနေတော့ အဲဒီလို စူးစိုက် နာနေတာဟာ ဒါ မဂ်ဖိုလ်ရခြင်း၏ အကြောင်းပဲ။ တရားကို မှတ်မိအောင် နားလည်အောင် သဘောပေါက်အောင် အဲဒီလို စူးစိုက်ပြီးတော့ နာနေရင် ဒါဟာ တရားရခြင်း၏ အကြောင်းဖြစ်ပါတယ်တဲ့။ 

ဒါကြောင့်မို့ အဲဒီလို နာရင်း နာရင်းနဲ့ သူ တရားသဘောပေါက်သွားပုံ ရပါတယ်။ တရားဆိုတာ သေသေချာချာ နာရင် စူးစိုက်နာလို့ရှိရင် သဘောပေါက်တတ်တယ်။ ဟိုသင်းမှာ အရှင်နန္ဒမထေရ်ဆိုတာ ကြားဖူးကြမှာပေါ့။ အရှင်နန္ဒမထေရ်ဟာ ဟို နတ်ပြည်က နတ်သမီးတွေပြတော့ နတ်သမီးတွေ မြင်ရတော့ အဲဒီနတ်သမီးတွေနဲ့ စပ်ပြီးတော့ မြတ်စွာဘုရားက ဒီနတ်သမီးတွေ လာစေနိုင်တယ်ဆိုပြီးတော့ ဟို ကမ္မဋ္ဌာန်းပေးတာကိုး။ 'ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ ... ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း'တွေ ပေး၊ အဲဒါတွေ သူရွတ်ဖတ်နေ၊ နတ်သမီးတွေ လာလိမ့်မယ် အောက်မေ့ပြီး အဲဒီလို ရွတ်ရင်း ရွတ်ရင်းနဲ့ နောက်တော့ သူသဘောပေါက်လာပြီးတော့ တရားရသွားတာပဲ။ ရဟန္တာဖြစ်သွားတယ်။ အဲဒါလိုပဲ တရားဆိုတာ စူးစိုက်ပြီးတော့ နှလုံးသွင်းလို့ရှိရင် အဲဒီ စူးစိုက်ပြီး နှလုံးသွင်းရင်း နှလုံးသွင်းရင်းနဲ့ တရားထူးဆိုတာ ရတတ်တယ်။ အဲ စူးစိုက်ပြီးသကာလ နာရတယ်။ အဲဒီလို စူးစိုက်ပြီးတော့ နာရင်း နာရင်းနဲ့ သူက 'ကာဠ'ဆိုတဲ့သူငယ်ဟာ သောတာပန်ဖြစ်သွားတယ်တဲ့။ 

ဖြစ်ပုံဖြစ်နည်း ဘယ်လိုဖြစ်သလဲဆိုတာတော့ ကျမ်းဂန်တွေကတော့ ပြမထားဘူး။ သို့ပေမယ့် ဖြစ်ချင်ရင်တော့ လွယ်လွယ်ပါပဲ။ အဲ စူးစိုက်ပြီးတော့ နာတဲ့စိတ်ကလေးကို သိတာဟာ ဝိပဿနာပဲ။ ဟိုက ဟောတဲ့ တရားတွေကို စူးစိုက်လိုက်လို့ စိတ်ကလေး ဖြစ်လိုက်၊ အဲဒီ စိတ်ကလေးကို နောက်ကနေပြီးတော့ ရှုမိလို့ရှိရင် သူက ဝိပဿနာလေးတွေ ဖြစ်နေတာ။ အဲဒီ ဘုရားဟောတဲ့ တရားထဲမှာ သဘောကျတာလေးတွေ ရှိအုန်းမှာပေါ့။ သဘောကျတာလေးတွေ ရှိရင်လဲပဲ ဘုရားဟောဆိုတော့ သဘောမကျဘဲ နေမှ မဟုတ်ဘူး။ ဘုရားဟောတာက အင်မတန် ကောင်းတာတွေ၊ အသံလဲ ကောင်းတယ်၊ ဟောတဲ့ အနက်အဓိပ္ပာယ်တွေလဲ ကောင်းတယ်။ အဲဒီတော့ ဒီ နာရင်း နာရင်းနဲ့ ဝမ်းမြောက်ဝမ်းသာတွေ ပီတိတွေကလဲ ဖြစ်အုန်းမှာကိုး။ အဲဒီလို ဖြစ်လာလို့ရှိရင် အဲဒီ ပီတိကလေး ရှုလိုက်လို့ရှိရင်လဲပဲ အဲဒါ ဝိပဿနာပဲ။

ဖြစ်ခိုက် ရုပ်နာမ် ပစ္စုပ္ပန် အမှန်သိအောင် ရှုမှတ်ပါဆိုတာ ဒါပဲ။ ဝမ်းမြောက်ရင် ဝမ်းမြောက်တယ်၊ ဝမ်းသာရင် ဝမ်းသာတယ်၊ သဘောကျရင် သဘောကျတယ်၊ စဉ်းစားရင် စဉ်းစားတယ်၊ ဒါလေးတွေ ရှုရမှာကိုး။ အဲဒါလေးတွေ ရှုလိုက်တာနဲ့ ဒီအဖြစ်အပျက်လေးတွေ သိရင်း သိရင်းနဲ့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ မဂ်ဖိုလ်ဆိုတာ ခဏကလေး ဖြစ်နိုင်တယ်။ မဂ်ဖိုလ်ဆိုတာ ဖြစ်ချင်ရင်လဲ မကြာဘူး။ မဖြစ်ချင်ရင်လဲ သူ ကြာနေတာပဲ။ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အဲဒီက ကာဠသူငယ်ဟာ တရားနာရင်း နာရင်းနဲ့ သောတာပန် ဖြစ်သွားတယ်။ သောတာပန်ဖြစ်သွားတော့ နောက်တနေ့ကျတော့ မြတ်စွာဘုရားနဲ့အတူတူ အနာထပိဏ်သူဌေးကြီးအိမ် သွားတယ်။ မြတ်စွာဘုရားကလဲ ဆွမ်းဘုဉ်းပေးကြွ၊ သူက နောက်ကလိုက်ပြီးတော့ လာ။ အဲဒီတော့ သူ့စိတ်ထဲ ဘယ့်နှယ်အောက်မေ့သလဲဆိုရင် ငါ့အဖေနော် ဒီကနေ့တော့ မြတ်စွာဘုရားရှေ့ ငွေများတော့ ထုတ်ပြီး မပေးပါစေနဲ့လို့ အောက်မေ့တယ်တဲ့။ ငါ ငွေလိုချင်လို့ ဥပုသ်စောင့်တယ်ဆိုတာတော့ တော်တော် မကောင်းဘူးလို့ သူ့စိတ်ထဲမှာ အောက်မေ့နေတယ်။ ဟိရိဩတ္တပ္ပတရား ကပ်လာတာပေါ့လေ။

အစတုန်းကဆိုလို့ရှိရင်ဖြင့် အဲဒီ ဥပုသ်စောင့်တာ ငွေလိုချင်လို့ပဲ။ ဥပုသ်စောင့်တယ် ... ငွေမရလို့ရှိရင် ထမင်းတောင်မစာနိုင်ဘူးဆိုပြီးတော့ ငြင်းတောင်မှ နေသေးတာ။ ရှက်ရမှန်း ဘာမှန်း မသိဘူး။ အခုတော့ သူရှက်ရမှန်း သိလာတယ်။ ဒီငွေလိုချင်လို့ ဥပုသ်စောင့်တယ်ဆိုတဲ့ဥစ္စာကို လူမသိစေချင်ဘူး။ ရှက်ရမှန်းသိလာတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရှေ့မှာ သူ့အဖေက ငွေထုတ်ပေးမှာကို သူက စိုးရိမ်နေတယ်။ အနာထပိဏ်သူဌေးကြီးကလဲ သူ့ကို အကဲခတ်နေတယ်။ ငါ့သားတော့ တော်တော်တော့ နေရာကျနေတယ်။ အရင်နေ့ကနဲ့ မတူဘူး။ ဣန္ဒြေရနေတယ်။ မြတ်စွာဘုရားနဲ့လဲ အတူတူ လာတယ်။ ဣန္ဒြေလဲ ရတယ်။ ဒီတော့ သူ့ကို သေသေချာချာ သိအောင်တော့ အကဲခတ်အုန်းမှပဲ ဆိုပြီးတော့ တခါတည်း သူ့ကို စားစရာ သောက်စရာတွေလဲ ပေးတယ်။ စားစရာ သောက်စရာပေးတော့လဲ သူ ... ဘာမှ အရင်နေ့ကလို ငွေတွေ ဘာတွေ မတောင်းဘူး။ စားတာပဲ။ တော်တော် နေရာကျတာပဲ။ အဲ စမ်းအုန်းမှပဲ ဆိုပြီးတော့ တခါတည်း သူ့ငွေတထောင်ထုပ်ကို ထုတ်ပေးတာကိုး။ ငါ့သား မင်းမနေ့က ငါတာဝန်ခံထားတဲ့အတိုင်း ဟော ... မင်းငွေတထောင်ယူတော့ ဆိုတော့ဟာ မယူပါဘူး။ မလိုပါဘူး ... မပေးပါနဲ့လို့ သူက တားတာကိုး။ ဟာ ... ယူပါလို့ အတင်းပေးတာတောင်မှ မယူဘူးတဲ့။ 

ဒီတော့ မြတ်စွာဘုရားကို အဲဒီ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်တဲ့။ မြတ်စွာဘုရား တဲ့၊ တပည့်တော်သား သိပ်နေရာကျတာပဲတဲ့၊ ကြည်ညိုစရာကောင်းတယ်၊ နေရာကျတယ်။ အရင်နေ့ကဆိုလို့ရှိရင် ဥပုသ်စောင့်ရာက ပြန်လာ ငွေတရာမပေးတာနဲ့ တခါတည်း ယာဂုလဲမသောက် ထမင်းလဲမစား မုန့်လဲမစား အတင်းပေကပ်ပြီးတော့ နေတယ်။ ဒီကနေ့တော့ တကတည်း ဘာမှ မတောင်းဘူး။ ပေးတာတောင်မှ သူမယူဘူး၊ အင်မတန် နေရာကျတာပဲတဲ့။ တပည့်တော်သား သိပ်နေရာကျတာပဲလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်တယ်။

မြတ်စွာဘုရားက ကာဠဟာ ဒါလောက် ဘာကမလဲတဲ့။ ဒီငွေတထောင်လောက် မကဘူးတဲ့၊ သူ့မှာ ရထားတဲ့ တရား ... အင်မတန် အဖိုးတန်တယ်တဲ့ ဆိုပြီးတော့ ဒီတရားဒေသနာကို ဟောတာကိုး။ 

"ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။

သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။"

ပထဗျာ - မြေပြင်တခုလုံး၌၊

ဧကရဇ္ဇေန ဝါ - တဦးတည်းသော မင်းပြုရသည်ထက်လည်း၊

သောတာပတ္တိဖလံ - သောတာပတ္တိဖိုလ်သည်၊

ဝရံ - မြတ်၏။

သဂ္ဂဿ ဂမနေန ဝါ - နတ်ပြည် ဗြဟ္မာ့ပြည်သို့ သွားရသည်ထက်လည်း၊

သောတာပတ္တိဖလံ - သောတာပတ္တိဖိုလ်သည်၊

ဝရံ - မြတ်၏။

သဗ္ဗလောကာဓိပစ္စေန ဝါ - အလုံးစုံသော တလောကလုံးကို အစိုးရသည်ထက်လည်း၊

သောတာပတ္တိဖလံ - သောတာပတ္တိဖိုလ်သည်၊

ဝရံ - ကောင်းမြတ်လှ၏။ တဲ့ ...

အဲ ... သောတာပတ္တိဖိုလ်ဟာ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်ဘူးတဲ့။ အပါယ်လေးပါးကလဲ အစဉ်ထာဝရ လွတ်မြောက်သွားတယ်တဲ့။ အဲဒီတရားကို မရဘဲနဲ့ဆိုလို့ရှိရင် ကုသိုလ်ကောင်းမှုတွေ ပြုလို့ လူ့ပြည်နတ်ပြည်တွေ ဘယ်လိုပဲရောက်နေနေ တနေ့ကျလို့ရှိရင် အပါယ်လေးပါးကျရောက်ပြီး ဒုက္ခတွေ အများကြီးရောက်ပြီးတော့ သွားနိုင်တယ်။ အဲဒါ အဲဒီတော့ အပါယ်လေးပါးတွေ မရေမတွက်နိုင်အောင် ရောက်သွားမှာတွေ တခါတည်း ငြိမ်းသွားပါတယ်တဲ့။ အပါယ်နဲ့ မျိုးပြတ်ပြီးတော့ သွားတယ်။ နိဗ္ဗာန်ကို တိုက်ရိုက် မရောက်သေးတောင်မှ လူ့ဘဝ နတ်ဘဝတွေ လူကောင်း နတ်ကောင်း ဘဝတွေမှာ ဖြစ်ရတယ်တဲ့။ လူ့ဘဝ နတ်ဘဝလဲပဲ ဆင်းရဲနွမ်းပါးတဲ့ အညံ့စားတွေ မဖြစ်ဘူး။ သူက အကောင်းစားတွေချည်းပဲ ဖြစ်သွားတယ်။ ဖြစ်ပြန်လဲပဲ ဘဝတွေ မများဘူးတဲ့။ သူက ခုနစ်ဘဝပဲတဲ့။ ခုနစ်ဘဝအတွင်းမှာ ပါရမီတွေရင့်ပြီးတော့ ရဟန္တာဖြစ်ပြီးတော့ နိဗ္ဗာန်ကို ရောက်ပြီးတော့ သွားပါတယ်တဲ့။

ဒါကြောင့် သောတာပတ္တိဖိုလ်ဟာ တပြည်ထောင်လုံး မင်းဖြစ်ရတာထက် မင်းစည်းစိမ်ထက်လဲ မြတ်တယ်။ နတ်ပြည် ဗြဟ္မာပြည် ရောက်ရတာထက်လဲ မြတ်တယ်။ တလောကလုံး အစိုးရတဲ့ ဗြဟ္မာမင်းကြီး ဖြစ်ရတာထက်လဲ မြတ်ပါတယ်တဲ့။ ဒီဒေသနာက ဟောထားတယ်။ 

အခု မြတ်စွာဘုရား၏ သာသနာတော်နဲ့ ကြုံနေတဲ့အခါကာလမယ် ဒီလို မြင့်မြတ်တဲ့တရားတွေ ကိုယ်တွေ့ဖြစ်အောင်လို့ အားထုတ်ဖို့ရာ အချိန်ကောင်းရနေတဲ့ ပုဂ္ဂိုလ်တွေဟာ အားထုတ်ဖို့ရာ အင်မတန် ကောင်းပါတယ်။ အားထုတ်ဖို့ရာ ကောင်းတဲ့အတိုင်း အကြောင်းညီညွတ်တဲ့အခါကာလကျတော့ အားထုတ်ကြပေါ့လေ။ အချိန်များများ မရလဲ ရသလောက် အားထုတ်ပေါ့။ ဟို ... ရသလောက် အားထုတ်ရအောင် ယနေ့ညက စပြီးတော့ မြန်မြန် အားထုတ်ဖို့ရာ ဘုန်းကြီးက ဟောမယ်။ အချိန်လဲ တော်တော် ကြာသွားပါပြီ။ 

အားထုတ်ဖို့ရာကတော့ လွယ်လွယ်ပါပဲ။

ဒွါရ ခြောက်ပါးက ဖြစ်တဲ့ ရုပ်နာမ်တွေကို ရှုရမယ်။

အတိတ်အဟောင်း မပြန်နဲ့။ အတိတ်ကာလတွေ ပြန်မစဉ်းစားနဲ့။ မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့တာတွေ ပြန်စဉ်းစားမနေနဲ့။ စဉ်းစားရင် စဉ်းစားတဲ့စိတ် မှတ်ရမယ်။ 

အနာဂါတ်ကို မကြံနဲ့တဲ့။ နောင်ဘာဖြစ်မယ် ညာဖြစ်မယ် စသည် နောင်ရေးတွေ တွေးပြီးတော့ မနေနဲ့။ တွေးလို့ရှိရင် တွေးတဲ့စိတ် မှတ်ရမယ်။

ဖြစ်ခိုက်ရုပ်နာမ် ပစ္စုပ္ပန် အမှန်သိအောင် ရှုမှတ်ပါတဲ့။ ဖြစ်ခိုက်ရုပ်နာမ်ကလေးတွေ ဖြစ်တိုင်း ဖြစ်တိုင်း၊ ဖြစ်တိုင်း ဖြစ်တိုင်းဆိုတော့ မျက်စိက မြင်ရလဲ ရုပ်နာမ်ပဲ။ အဲဒါ ရှုရမှာပဲ။ 

ဒါတွေ အသေးစိတ်တွေ ပြောနေရင် ကြာနေမှာစိုးလို့ မျက်စိက မြင်တာ ရုပ်နာမ်တွေ။ တရားရှည်ရှည်ဟောတဲ့အခါကျတော့ ဘုန်းကြီးက အစုံပြောပါတယ်။ ဒီနေ့ကတော့ ရှည်ရှည်လဲ မဟောချင်တာနဲ့ အကျဉ်းချုပ်ပဲ အတိုချုပ်ပြောနေတာ။ မျက်စိက မြင်တာလဲ ရုပ်နာမ်ပဲ။ မြင်ရတဲ့ အဆင်းက ရုပ်၊ မျက်စိက ရုပ်၊ မြင်သိတာက နာမ်ကိုး။ မြင်တာက ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ဒိပြင် ဘာမျှ မရှိဘူး။ ခန္ဓာဖွဲ့လို့ရှိရင်လဲ ခန္ဓာငါးပါးပဲ။ ဒါကြောင့် မြင်တာကို ရှုရတယ်။ 

ဝိပဿနာဆိုတာ ခန္ဓာငါးပါး ရှုရတာပဲ။ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ရှုရတော့ မြင်တိုင်း မြင်တိုင်း ရုပ်နာမ်တွေ ဖြစ်ပျက်၊ ခန္ဓာငါးပါးတိုင်း ဖြစ်ပျက်နေတယ်။ အဲဒါ မြင်တိုင်း မြင်တိုင်း မြင်တာကို ရှုဖို့ပဲ။ မြင်တယ် မြင်တယ်လို့ ရှုရမှာပဲ။ ထို့အတူ ကြားတိုင်း ကြားတိုင်းလဲ ကြားတယ် ကြားတယ် ရှုရတယ်။ နားက ကြားတိုင်း ကြားတိုင်း ကြားတာကို ရှု။ နှာခေါင်းက အနံ့နံတာကို ရှု။ လျှာက အရသာစားသိတဲ့အခါမှာ စားသိတာ ရှု။ ခုနေအခါတော့ စားစရာ မရှိဘူး။ အဲ တွေ့ထိတဲ့အခါကျတော့လဲ တွေ့ထိတာ ရှု။ တွေ့ထိတယ်ဆိုတာထဲမှာ ကိုယ်အမူအရာတွေ အကုန်ပါတယ်။ တွေ့ထိတာတွေ ခုန သတိပဋ္ဌာန်ဒေသနာတော်အရ 'ဂစ္ဆန္တော ဝါ' သွားတယ်ဆိုတာလဲပဲ တွေ့ထိတာတွေထဲ အပါအဝင်ပဲ။ အဲ သွားတာတွေ လာတာတွေ ကြားတာတွေ လှုပ်ရှားတာတွေ အကုန်လုံး ပါတယ်။ ကိုယ်အမူအရာတွေ ပြုပြင်တာ အကုန်လုံး ပါတယ်။ အဲ တွေ့ထိတာတွေထဲမှာ ပါနေတယ်။ ထိတာကလဲ တကိုယ်လုံး ပြန့်နှံ့နေတယ်။ အစဉ်ထာဝရလဲ ရှိနေတယ်။ တွေ့ထိတာတွေ ... ခြေထောက်က ထိနေတာ ရှိတယ်။ လက်က ထိနေတာ ရှိတယ်။ ကိုယ်ထဲက အတွင်းက ထိနေတာ ရှိတယ်။ အပြင်က ထိနေတာ ရှိတယ်။ အဝတ်နဲ့ တွေ့ထိနေတာ ရှိတယ်။ ပြည့်လို့ပါပဲ။ တွေ့ထိတာတွေက နေရာတကာက ရှိပါတယ်။

အဲ စိတ်ကူး စဉ်းစား ကြံစည်ပြီးတော့ သိတဲ့အခါဆိုရင် စိတ်ကူး စဉ်းစား ကြံစည်တာလဲ ရှု။ ဒွါရ ခြောက်ပါးက ပေါ်တိုင်း ပေါ်တိုင်း ရှု။ ကုန်ရောပေါ့။ သူ့ဟာ ကိလေသာတွေက ဖြစ်နေရင်လဲ ဒီက ဖြစ်နေတာပဲ။ မမြဲဘူးလို့ သိရမယ့်တရားတွေကလဲ ဒီတရားတွေပဲ။ ဆင်းရဲလို့ သိရမယ့် တရားတွေကလဲ ဒီတရားတွေပဲ။ အနတ္တလို့ သိရမယ့် တရားတွေကလဲ ဒီတရားတွေပဲ။ မရှုရင်တော့ကို မြဲတဲ့အနေအားဖြင့် ထင်မြင် စွဲလမ်းလဲ ဒီတရားပဲ။ ပုဂ္ဂိုလ်သတ္တဝါအနေအားဖြင့် ထင်မြင် စွဲလမ်းလဲ ဒီဒွါရခြောက်ပါးက နေပြီးတော့ စွဲလမ်းနေကြတာပဲ။ ဒါကြောင့် ဒီခြောက်ပါးသော တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုရမယ်တဲ့။

ဒါပေမယ်လို့ စပြီး ရှုခါစ ပုဂ္ဂိုလ်ကတော့ ဖြန့်ကြဲပြီး ရှုလို့တော့ မဖြစ်ဘူး။ ဟာ ... ဒါတွေ ခြောက်ပါးရှုတယ်ဆိုပြီးတော့ ဒီအတိုင်း လွှတ်ထားလို့တော့ မဖြစ်ဘူး။ နည်းနည်း တခုခုကနေပြီး မူတည်ပြီး ရှုမှ ဖြစ်တယ်။ ဒါကြောင့် ဘုန်းကြီးများတော့ အားလုံး တညီတည်း ရှုဖို့ရာ ဗိုက်က လှုပ်ရှားတဲ့ ရုပ်က စပြီး ရှုခိုင်းတယ်။ နောက် ဒိပြင်ဟာက ရှုလဲပဲ ဖြစ်ပါတယ်။ ဒိပြင်ဟာ သဘောကျလဲ ဒိပြင်ဟာ ရှုနိုင်တာပဲ။ တချို့လဲပဲ ထွက်သက်ဝင်သက်ကနေပြီးတော့ ရှုကြတယ်။ ဒီလိုလဲ ရှုနိုင်တာပါပဲ။ အဲ တနေရာရာ ထိနေတာကနေပြီးတော့ ထိတာ ရှုလဲ ရတာပါပဲ။ ကိုယ်ထဲမှာ ပူတာ အေးတာလေးတွေ ရှာပြီးတော့ ရှု၊ ဒီလိုလဲ ရတာပါပဲ။ ဘယ်က ရှုရှု ဖြစ်ပါတယ်။ ဒါပေမယ်လို့ အသက်ရှူတိုင်း ရှိူက်တိုင်း ဗိုက်က လှုပ်ရှားနေတဲ့ ရုပ်ကတော့ ရှုလို့ ပြုလို့လဲ လွယ်ပါတယ်။ မေးလို့ မြန်းလို့လဲ လွယ်တယ်။ မေးလို့ စမ်းလို့လဲ အမြဲတမ်း ကမ္မဋ္ဌာန်းမေးစစ်တော့ကို အချိုးကျတာတွေကို သိဖို့ရာလဲ မေးရ စမ်းရသေးတာကိုး။ ဒီတော့ အဲဒါက ပြောလို့ ပြုလို့ လွယ်တယ်။ ဒိပြင်ဟာတွေက ပြောလို့ ပြုလို့ သိပ်မလွယ်ဘူး။ ဒါကြောင့် ဗိုက်က ဖောင်းတာ ပိန်တာလေး မှတ်ရမယ်။

အခုဟာက တရားအားထုတ်ဖို့ ပြောနေတာ။ နောက်လဲပဲ ဆက်ပြီး အားထုတ်ချင်က ထုတ်နိုင်တယ်။ ဒါကြောင့်လဲပဲ ဒီမှာ ကိုယ့်အိမ်မှာ နည်းနည်းပါးပါး အားထုတ်နိုင်တာပါပဲ။ ငါးမိနစ်လောက်ရလဲ ငါးမိနစ်လောက် အားထုတ်ပေါ့။ ဆယ်မိနစ်လောက်ရလဲ ဆယ်မိနစ်လောက် အားထုတ်ပေါ့။ နာရီဝက်လောက်ရလဲ နာရီဝက်လောက် အားထုတ်။ တတ်နိုင်သလောက် အားထုတ်ပေါ့။ နောက် အကြောင်းညီညွတ်လို့ရှိရင်လဲ ကမ္မဋ္ဌာန်းကျောင်းလာပြီး အားထုတ်ကြပေါ့။ တတ်နိုင်သလောက် အားထုတ်ဖို့ရာကိုး။

အဲ ဗိုက်က ဖောင်းတိုင်း ပိန်တိုင်း ဗိုက်လှုပ်ရှားတာဟာ တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဖောဌဗ္ဗရုပ်တဲ့။ ခန္ဓာငါးပါးထဲ ထည့်လိုက်လို့ရှိရင် ရူပက္ခန္ဓာတရားပဲတဲ့။ အာယတန ၁၂-ပါးနဲ့ဆိုလို့ရှိရင် ဖောဌဗ္ဗါယတန ခေါ်တယ်တဲ့။ ဓာတ်လေးပါး ထည့်လိုက်လို့ရှိရင် ဝါယောဓာတ်ပဲတဲ့။ ဓာတ် ၁၈-ပါး ထည့်လိုက်လို့ရှိရင် ဖောဌဗ္ဗဓာတ် ခေါ်တယ်တဲ့။ သစ္စာလေးပါးနဲ့ ခွဲလိုက်လို့ရှိရင်တော့ ရုပ်ဥပါဒါနက္ခန္ဓာဆိုတော့ ဒုက္ခသစ္စာတရားပဲတဲ့။ ဒါ ဝိပဿနာရှုရတဲ့တရားတွေပေါ့။ အဲဒါကြောင့် ခန္ဓာငါးပါးနဲ့ဆိုရင်လဲ ရုပ်ခန္ဓာဖြစ်လို့ ရှုရတယ်။ အာယတနအရနဲ့ဆိုလို့ရှိရင်လဲ ဖောဌဗ္ဗာယတနဖြစ်လို့ ရှုရတယ်။ ဒါ တိုက်ရိုက် ဟောထားတဲ့ တရားတွေ ရှိတယ်။

ရူပံ ဘိက္ခဝေ ယောနိသော မနသိကရောထ

ရူပံ နိစ္စတ္တဉ္စ ယထာဘူတံ၊ သမနုပဿ။

ဘိက္ခဝေ - ရဟန်းတို့၊

ရူပံ - ရုပ်တရားကို၊

ယောနိသော - နည်းလမ်းမှန်စွာ၊

မနသိကရောထ - နှလုံးသွင်းကြကုန်လော့။

ရူပံ နိစ္စတ္တဉ္စ - ရုပ်တရားတို့၏ မမြဲသည်၏အဖြစ်ကိုလည်း၊

သမနုပဿ - ရှုမြင်ကြကုန်လော့။

အဲ ရုပ်တရားကို နည်းလမ်းမှန်စွာ နှလုံးသွင်းရမယ်တဲ့။ ရုပ်တရားတွေ စခါစတော့ နည်းလမ်းမှန်စွာ နှလုံးသွင်းရတယ်ဆိုတာ သူ့လက္ခဏာနဲ့သူ သဘောလက္ခဏာကို သိဖို့ရာပဲ။ ဥပမာ - ရုပ်တရားလေး ဖောင်းတယ်ဆို ... ဖောင်းတက်တာလေးဟာ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ်ကို ဝိက္ခမ္ဘနလက္ခဏာလို့  ခေါ်တယ်။ ဝါယောဓာတ် ... ဝါယောဓာတ်သည်၊ ဝိက္ခမ္ဘနလက္ခဏာ - တောင့်တင်း ထောက်ကန်ခြင်း ... သူ့လက္ခဏာပဲတဲ့။ အဲ ထောက်ကန် တောင့်တင်းတဲ့ သဘောလေး ... အဲဒါလေး သိရမယ်။ ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ ဗိုက်ထဲကနေပြီး တောင့်တင်း ထောက်ကန်တဲ့သဘောလေး၊ ပိန်တယ်လို့ မှတ်တဲ့အခါလဲ ဗိုက်ထဲကနေ တောင့်တင်း ထောက်ကန်တဲ့သဘောလေး၊ အဲဒါလေးကနေပြီးတော့ သိသွားတယ်။ ကွေးတယ် ဆန့်တယ် စသည်ဖြင့် မှတ်ရာတွေမှာလဲ ဒီအတိုင်းပဲ။ တောင့်တင်း ထောက်ကန်တဲ့သဘောလေးတွေ ရှိတယ်။ အဲဒီ သဘောလက္ခဏာလေးတွေက စပြီးတော့ သိရမှာပဲ။

အဲဒါဟာ သဘောလက္ခဏာလေး သိရင်လဲ ယောနိသော မနသိကရောထ အရ ယောနိသော မနသိကာရပဲ။  နည်းလမ်းမှန်အတိုင်းပဲ။ သူ့သဘော သဘာဝ အမှန်အတိုင်း သိတာ။ ပထမက ဘယ့်နှယ်သိနေတုန်းဆို ... ငါ့ဗိုက်ပဲ၊ ငါက ဒီလို သိနေတာကိုး၊ အခု ဒီက တောင့်တင်းတဲ့သဘောလေးပဲ၊ လှုပ်ရှားတဲ့သဘောလေးပဲ သိတယ်။ ဒါ သူ့ဟာ သဘောမှန်လေးပဲ။

တောင့်လို့ တောင့်တယ်။ လှုပ်လို့ လှုပ်တယ်။ ရွှေ့လို့ ရွေ့တယ်။ ဒီ အမှန်သိသွားတဲ့ ရူပံ နိစ္စတ္တဉ္စ - ရုပ်၏ မမြဲသည်၏အဖြစ်ကိုလည်း၊ ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊ အနုပဿ - ရှုကြကုန်လော့တဲ့။ ရုပ်၏ မမြဲတဲ့သဘောလေး ရှုပါတဲ့။

အဲဒါလေးကလဲပဲ ရှုပါများလာတဲ့အခါကျတော့ မမြဲတာလေးတွေ သိလာတယ်။ တောင့်တာလေးတွေ လှုပ်ရှားတာလေးတွေ ... တောင့်လိုက် လှုပ်ရှားလိုက် ... ပျောက်သွားလိုက်၊ တောင့်လိုက် လှုပ်ရှားလိုက် ... ပျောက်သွားလိုက်နဲ့ တည်မြဲနေတာ မရှိဘူး။

ဒီ တရားအားမထုတ်ဖူးသေးတဲ့ ပုဂ္ဂိုလ်တွေအမြင်နဲ့ဆိုရင်တော့ ဗိုက်ကို ရှုမှတ်ရင် ဗိုက်ကြီး လိုက်သိမှာပါပဲလို့ ဒီလို ထင်နေကြတယ်။ ဒီလို မဟုတ်ဘူး။ သူ့ဟာ တဖြည်းဖြည်းနဲ့ သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ကို ဗိုက်ပုံသန္တာန် ကိုယ်ပုံသန္တာန်တွေ ဘာမှ မရှိဘူး။ တောင့်တင်း လှုပ်ရှားတဲ့ သဘောလေးပဲ ရှိတယ်။ ဘယ် ... ကိုယ်ရှိမှာလဲ။ ကိုယ် ... ရှာလို့တောင် မတွေ့ဘူး။ သူ့ဥစ္စာ ကိုယ်ရယ်လို့ကို မရှိဘူး။ အကောင်အထည် မရှိဘူး။ ဒြပ် မရှိဘူး။ ဘာမှ မရှိဘူး။ သူက ဖောင်းတက်လာတဲ့ သဘောလေး၊ တောင့်တင်းတဲ့ သဘောလေး၊ လှုပ်ရှားတဲ့ သဘောလေး ... ဒါပဲ ရှိတယ်။ ရွေ့တဲ့သဘောလေး ... အဲဒါလေးပဲ ရှိတယ်။ အဲဒါလေးတွေ ရွေ့လိုက် ပျောက်လိုက်၊ တောင့်လိုက် ပျောက်လိုက်၊ တင်းလိုက် ပျောက်လိုက်၊ ရွေ့လိုက် ပျောက်လိုက်ပဲ။ အဲဒါလေးတွေ မမြဲတာလေးတွေ သူ့ဟာသူ သိလာတာ။ 

အဲဒီလို သိလာတော့ အနိစ္စ မမြဲဘူးဆိုတာ၊ ယထာဘူတံ သမနုပဿ - ဟုတ်မှန်တဲ့အတိုင်း ရှုကြဆိုတာ ဟုတ်မှန်တဲ့အတိုင်းကို တွေ့လာတာ။ 

ရုပ်ခန္ဓာရှုပုံ မြတ်စွာဘုရား ဟောထားတယ်။ ဟို အာယတနမှာလဲ ဖောဌဗ္ဗာယတန ဖြစ်ပုံ ဒီအတိုင်း ဟောထားတယ်။ သစ္စာမှာလဲပဲ ဒုက္ခသစ္စာတရား ဒီလိုပဲ ရှုဖို့ရာ ဟောထားတယ်။ အဲဒီလို ဟောထားတဲ့အတိုင်း ခု ဗိုက်ဖောင်းတယ်ဆိုရင် ဖောင်းတက်လာတဲ့ ဝါယောဓာတ်ဆိုတဲ့ အမည်နာမည် မလိုဘူး။ ဝါယောဓာတ်ပဲလို့ တရားနှလုံးသွင်းဖို့ရာလဲ မလိုဘူး။ ဖောင်းတာလေးပဲ စိတ်နဲ့စိုက်ပြီးတော့ ဒီအတိုင်း မှတ်ရတယ်။ အတော်တော့ ကြာကြာပဲ မှတ်ရတယ်။ အစမှာ ... ခပ်ကြပ်ကြပ်၊ သူ့ဟာသူပဲ အသေးစိတ် တခါတည်း ဉာဏ်က သူ့ဟာသူ စိပ်လာတာ၊ ကိုယ်က မစိပ်ရပါဘူး။ သူ့ဟာသူကို အသိဉာဏ်က စိပ်လာတယ်။ အပိုင်းအခြားလေးနဲ့ ပိုင်းခြားပြီးတော့ သူ့ဟာသူ သိလာတယ်။

ဒါကြောင့် ဖောင်းတယ်မှတ်၊ ဖောင်းစကနေပြီးတော့ ဖောင်းဆုံးတိုင်အောင် စိတ်က အစဉ်အတိုင်းလိုက်ပြီးတော့ သိသွားရတယ်။ ပိန်တယ်ဆိုရင်လဲ ပိန်စကနေပြီး ပိန်ဆုံးတိုင်အောင် လိုက်ပြီးတော့ အစဉ်အတိုင်း သိသွားရတယ်။ အကယ်၍ စိတ်က ဒီကြားထဲ ထွက်သွားရင် ဒီထွက်သွားတဲ့ စိတ်ကလေး မှတ်လိုက်ရအုန်းမယ်။ သွားရင် သွားတယ်၊ သိရင် သိတယ် မှတ်ရမယ်။ အဲဒါ စိတ္တာနုပဿနာ ခေါ်တယ်။

ဖောင်းတယ် ပိန်တယ် ဒီလို အဆိုနာမည်ကလဲပဲ လိုရင်းတော့ မဟုတ်ပါဘူး။ လိုရင်းက ... သိဖို့ရာလေး လိုရင်းက ဖောင်းတက်လာတော့လဲ အစအဆုံး သိဖို့။ ပိန်ကျသွားတာလဲ အစအဆုံး သိဖို့ပဲ။ ဒါက လိုရင်းပါပဲ။

ဒါပေမယ်လို့ ပထမ ရှုခါစ ပုဂ္ဂိုလ်မှာ ဒီအတိုင်း စိတ်နဲ့ စိုက်ကြည့်နေပါဆိုရင် မဖြစ်ဘူး။ ငြိမ်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အမည်လေး ထည့်ရသေးတယ်။ ပါးစပ်ကတော့ မဆိုရပါဘူး။ စိတ်ထဲက ဖောင်းတယ် ပိန်တယ် ... အစမှာ အမည်ကလေး ထည့်ပေးရတယ်။ နောက် သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ ဒီအမည် မပါဘဲနဲ့ သူ့ဟာသူ မှတ်နိုင်ရင်လဲ မှတ်နေရုံပါပဲ။ အမည် မလိုပါဘူး။ အစကတော့ အမည်ကလေး ထည့်ပြီးတော့ မှတ်ရတယ်။ ဖောင်းတယ် ပိန်တယ် ... ဖောင်းတယ် ပိန်တယ် ... ပါးစပ်ကတော့ မဆိုရပါဘူး။ ဒီအတိုင်းပဲ မှတ်ရမယ်။ အဲဒီလို မှတ်နေရင်း စိတ်က တခြားထွက်သွားရင်လဲ အဲဒီ စိတ်ကလေးကို လိုက်မှတ်၊ ဒီအထဲက ညောင်းတာ ပူတာတွေလဲ ရှိလိမ့်မယ်။ ထိုင်နေတာ တော်တော်ကြာတော့ ညောင်းတာတွေ ရှိပါလိမ့်မယ်။ အဲ ညောင်းတာ ထင်ရှားလို့ရှိရင်လဲ ညောင်းတာကို စိတ်နဲ့ စိုက်ပြီးတော့ ညောင်းတယ် ညောင်းတယ်လို့ မှတ်ရမယ်။ ပူလို့ရှိရင်လဲ ပူတယ် ပူတယ် မှတ်ရမယ်။ နာရင်လဲ နာတယ် နာတယ် မှတ်ပေါ့။

အဲ ... ဒုက္ခဝေဒနာ တခုခု ... ဘာပဲဖြစ်ဖြစ် ... ဖြစ်တဲ့အတိုင်း မှတ်ရုံပဲ။

မှတ်တယ် ... ရှုတယ် ... နှလုံးသွင်းတယ်ဆိုတာ အတူတူပဲ။ ဘုန်းကြီးများက ဒီ .. ပထမ ဥပနိဿယဆရာထံက ဒီ မှတ်တယ်ဆိုတဲ့ ဝေါဟာရကို ရလာတယ်။ တိုလဲ တိုတယ်။ ပြောလို့လဲ ကောင်းတယ်။ ရှုတယ်ဆိုတော့ ဟို သမထကနေပြီးတော့ စူးစိုက် ရှုနေတာနဲ့ ရောနေတယ်။ နှလုံးသွင်းတယ်ဆိုတော့လဲ စကားက ခပ်ရှည်ရှည် ဖြစ်နေတယ်။ အဲဒါကြောင့် ဒီက စကားတိုတိုအသုံးနဲ့ အတူတူပါပဲ။ ရှုတယ် မှတ်တယ် နှလုံးသွင်းတယ်ဆိုတာ အတူတူပါပဲ။

အဲ စိတ်ကူးတွေဖြစ်ရင်လဲ လိုက်မှတ်။ ဝေဒနာဖြစ်ရင် လိုက်မှတ်။ ဒီထဲကနေပြီးတော့ ကိုယ်လက် လှုပ်ရှားတာ ပေါ်လို့ရှိရင်လဲ လှုပ်ရှားတာလေးတွေ ... လက်ကြွရင် ကြွတယ်၊ ရွှေ့ရင် ရွှေ့တယ်၊ ဒီဟာလဲ မှတ်ရမယ်။ တထိုင်အတွင်း ခဏလေးကတော့ မလှုပ်မရှားတော့ ရှိမယ်။ လှုပ်ရှားတယ်ဆိုရင် မှတ်ရမှာပဲ။ ခေါင်းကလေး လှုပ်ရင်လဲ မှတ်ရမှာပဲ။ ဒီထဲကနေပြီးတော့ အသံတွေ ဘာတွေ ကြားတာလဲ ရောက်သွားလို့ရှိရင် ကြားတယ် မှတ်လိုက်ရအုန်းမယ်။ ကြားလဲ ကြားအုန်းမှာကိုး။ ပြီးတော့ ဖောင်းတာ ပိန်တာ ပြန်ပြောင်းမှတ်။ အဲဒါလေးပဲ မှတ်ဖို့ပါပဲ။ 

ဒါလေး မှတ်နေရင်းက ...

အဒ္ဓါ ဣမာယပဋိပဒါယ ဇရာ မရဏမှာ ပရိမုစ္စိဿာမိ

ဣမာယ ပဋိပဒါယ - ဤအကျင့်ပဋိပတ်ဖြင့်၊

ဇရာ မရဏမှာ - အိုရခြင်း သေရခြင်းမှ၊

ပရိမုစ္စိဿာမိ - လွတ်မြောက်ရမှာပါတကားလို့ တရားအားထုတ်ခါနီး နှလုံးသွင်းဖို့ ဝိသုဒ္ဓိမဂ်က ညွှန်ကြားထားတယ်။

ဒီလို ရှုခြင်းဖြင့် အိုခြင်း နာခြင်းမှ လွတ်မြောက်ရမယ်။ အိုခြင်း နာခြင်း သေခြင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားရမှာပဲလို့ နှလုံးသွင်းရမယ်တဲ့။ ရှုခါစတော့ နှလုံးသွင်းနိုင်မှု သိပ်ပြီးတော့ မများသေးဘူးပေါ့။ ဒါပေမယ်လို့ အဲဒီ ရှုတဲ့နည်းနဲ့ အစဉ်အတိုင်း ရှုပြီးတော့သွားလို့ရှိရင် တဖြည်းဖြည်းနဲ့ သမာဓိဉာဏ်တွေ ရင့်ကျက် ပြည့်စုံသွားတဲ့အခါမှာ ခုနက ပြောခဲ့တဲ့ မြင့်မြတ်တဲ့ သောတာပတ္တိဖိုလ်ဆိုတာ ရောက်သွားနိုင်တယ်။

ဒီထက်လဲ တိုးတက်ပြီးတော့ ရောက်နိုင်ပါတယ်။ ပါရမီဆိုတာလဲပဲ မသိရဘူး။ အလုပ်ဆိုတာလဲ အားထုတ်ကြည့်မှပဲ သိရတယ်။ ပါရမီရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် လွယ်လွယ်ကူကူနဲ့ တခဏလေးနဲ့ တိုးတက်ချင် တိုးတက်သွားတာ။ တချို့ပုဂ္ဂိုလ်မှာ ခပ်လွယ်လွယ်နဲ့ပဲ ရှုလို့ မှတ်လို့ တိုးတက်သွားတယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ 

ဒီတော့ အခု ဒွါရ ခြောက်ပါးက ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်နာမ်လေးတွေ မှတ်တဲ့လုပ်ငန်းအစဉ်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ရမှာပဲလို့ ... သံသရာဝဋ်ဆင်းရဲမှ လွဝ်မြောက်ရမှာပဲလို့ ဒီလို နှလုံးသွင်းရမှာကိုး။ 

ဣမာယ ပဋိပတ္တိယာ - ဤအကျင့်ပဋိပတ်ဖြင့်၊

ဇရာ မရဏမှာ ပရိမုစ္စိဿာမိ - အိုခြင်း သေခြင်းတို့မှ လွတ်မြောက်ရမှာပါတကားလို့ ဒီလို နှလုံးသွင်းပြီးတော့ ရှုရမယ်တဲ့။

ကိုင်း ... ထိုင်တာလေးတွေ ပြင်ချင်လဲ ပြင်ကြပေါ့။ ငါးမိနစ်လောက် ရှုမှတ်ရမယ်။ 

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဝေ - စင်စစ်၊

ဘဒ္ဒေကရတ္တောတိ - ကောင်းမြတ်သော အချိန်ကာလရှိသော ပုဂ္ဂိုလ်ဟူ၍၊

တံ - ထို ကိလေသာ ငြိမ်းအေးတော်မူသော မုနိ မြတ်စွာဘုရားသည်၊

အာစိက္ခတေ - ဟောကြားတော်မူ၏ ... ဆိုတဲ့အတိုင်း ငါးမိနစ်အားထုတ်လို့ရှိရင် ငါးမိနစ်အတွင်းမှာ အချိန်ကောင်း ရသွားတာပဲတဲ့။ 

မဂ်ဖိုလ်နိဗ္ဗာန်ရရာ ရကြောင်း တရားတွေ ပွားများသွားရင် အင်မတန် အဖိုးတန်သွားပါတယ်။

မှတ်တိုင်း မှတ်တိုင်း တခါမှတ်လိုက် တခါရှုလိုက်လို့ရှိရင် အဲဒီလို အမှတ်ရတာလေးက သတိတရား ခေါ်တယ်။ အဲ ... အမှန်ရအောင်လို့ အားထုတ်မှုကလေးတွေ ပါတယ်။ အားထုတ်မှုက သူ့ဟာ ဒီ ဝိရိယ၊ ဝိရိယက အားမထုတ်ဘဲနဲ့ အမှတ်ရမှုကလေးက ဖြစ်ကို မဖြစ်နိုင်ဘူး။ အဲ ... ဒီ အားထုတ်မှုကလေးက ဝိရိယတရား၊ ဝိရိယတရားက မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါယာမမဂ္ဂင်ဆိုတာ သူပဲ။ သမ္မာဝါယာမမဂ္ဂင်တရားလေး တခါမှတ်လိုက်ရင် အဲဒီ သမ္မာဝါယာမမဂ္ဂင်တရားလေးတခု ဖြစ်သွားတယ်။ တခါမှတ်လိုက်ရင် တခုဖြစ်၊ တခါမှတ်လိုက်ရင် တခုဖြစ်။ မှတ်တိုင်း မှတ်တိုင်း အဲဒီ မဂ္ဂင်တရား ပွားနေတာပဲ။ ရှုတိုင်း ရှုတိုင်း ဖြစ်နေတာ။ မရှုဘဲနေတော့ အလကားသားပဲ။ ဘယ်ပွားမလဲ။ ရှုမှ။

ပထမအကြိမ် ရှုရင် ဖြစ်ပေါ်တယ်။ နောက်တကြိမ် ရှုရင် ပွားလာတယ်။ နောက်တကြိမ် ရှုရင် ပွားလာတယ်။ အဲ များများ ရှုလေလေ များများ ပွားများလေပဲ။

ပွားရမယ့်တရားတွေ မိမိတို့သန္တာန်မှာ ပွားသွားတာ၊ အဖိုးထိုက် အဖိုးတန်ကလေးတွေ အင်မတန် ကောင်းသွားတာပေါ့။

အမှတ်ရတဲ့တရားက သမ္မာသတိ၊ သူက သမ္မာသတိမဂ္ဂင်ပဲ။

အဲဒါလဲပဲ မှတ်တိုင်း မှတ်တိုင်း တခါ မှတ်လိုက်ရင် တခါ သတိ၊ သမ္မာသတိမဂ္ဂင် ပွားသွားတာပဲ။ တခါ မှတ်လိုက်ရင် တခါ သတိ၊ သမ္မာသတိမဂ္ဂင် ပွားသွားတာပဲ။ အဲဒါ မဂ္ဂင်တရား ပွားသွားတာပဲ။

အဲ မှတ်မိတဲ့ အာရုံ စူးစိုက် တည်ကြည်မှု သမာဓိကလဲ တခါ မှတ်လို့ရှိရင် တခါ တည်သွားတာပဲ။ ဖောင်းတာ မှတ်လိုက်၊ ဖောင်းတာပေါ် တည်သွားတယ်။ ပိန်တာ မှတ်လိုက်ရင် ပိန်တာပေါ်မှာ တည်သွားတယ်။ ထိတာ မှတ်လို့ရှိရင် ထိတာပေါ်မှာ တည်သွားတယ်။ စိတ်ကူးတာ ပေါ်လာရင် စိတ်ကူးတာ မှတ်လိုက်၊ စိတ်ကူးတာပေါ်မှာ တည်သွားတယ်။ ကြားတာ မှတ်လိုက်ရင် ကြားတာပေါ်မှာ တည်တယ်။ အဲ ... ပေါ်ရာ ပေါ်ရာ မှတ်၊ မှတ်ရာ အာရုံပေါ်မှာ သူက စိုက်စိုက်ပြီးတော့ ပြေးပြေးပြီးတော့ ကပ်သလိုပဲ။ တည်တည်သွားတာကိုး။ အဲဒါကို သမာဓိ ခေါ်တယ်။ အဲ ခဏိကသမာဓိ ခေါ်တယ်။ တခဏပဲ တည်တယ်တဲ့။ သူကတော့ ဟို ဈာန်သမာဓိများလို သမထသမာဓိများလို တစဉ်တတန်းကြီး တည်နေတာတော့ မဟုတ်ဘူး။ တခါရှုရင် တခါတည်တာ၊ တခါရှုရင် တခါတည်တာ၊ ဝိပဿနာမှာတော့ အဲဒီ တခါရှု တခါတည်တဲ့ဟာက အရေးကြီးတယ်။ 

ဒီ ခဏိကသမာဓိ မပါဘဲနဲ့ ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး။ ခဏိကသမာဓိ ပါရမှာပဲ။ အဲဒါ အရေးကြီးပါတယ်။ 

အဲဒါ မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့ အာရုံလေးပေါ်မှာ ပြေး ပြေးပြီး ကပ် ကပ်သွားသလို တည် တည်သွားတာကလေး ရှိတယ်။ အဲဒါ သမ္မာသမာဓိမဂ္ဂင်ပဲတဲ့။

ပြီးတော့ မှတ်ရတဲ့ အာရုံကို ဖောင်းရင် ဖောင်းတဲ့အတိုင်း၊ ပိန်ရင် ပိန်တဲ့အတိုင်း၊ လှုပ်ရင် လှုပ်တဲ့အတိုင်း၊ ရွေ့ရင် ရွေ့တဲ့အတိုင်း၊ တောင့်တင်းရင် တောင့်တင်းတဲ့အတိုင်း သူ့သဘောမှန်ကလေးတွေ သိသွားတာက သမ္မာဒိဋ္ဌိပဲ။

အဲ သိတဲ့ အာရုံကို စဉ်းစားမိ ကြံစည်မိတာလေးက သမ္မာသင်္ကပ္ပပဲ။

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ... သူကလဲ မှတ်တိုင်း မှတ်တိုင်း ပွားနေတာပဲ။

အဲဒီတော့ မဂ္ဂင်ဘယ်နှပါးရတုန်းဆိုတော့ မဂ္ဂင် ငါးပါး၊ ငါးပါး ရတယ်။

အားထုတ်တာ မှတ်မိအောင်လို့ မှတ်မိ ရှုမိအောင်လို့ အားထုတ်တာက သမ္မာဝါယာမ၊

အမှတ်ရတာက သမ္မာသတိ၊

မှတ်မိတဲ့ အာရုံ စူးစိုက်တည်ကြည်တာက သမ္မာသမာဓိ ... အဲဒါက သမာဓိမဂ္ဂင် သုံးပါးလို့ ခေါ်တယ်။

ပြီးတော့ မှတ်မိတဲ့ အာရုံလေး၊ ဖောင်း ... ဖောင်းတဲ့အတိုင်း၊ ပိန် ... ပိန်တဲ့အတိုင်း၊ တောင့်တင်း ... တောင့်တင်းတဲ့အတိုင်း၊ ရွေ့ ... ရွေ့တဲ့အတိုင်း၊ လှုပ် ... လှုပ်တဲ့အတိုင်း စခါစတော့ ဒီလောက်သိတာပေါ့လေ၊ နောက် သမာဓိဉာဏ်ရင့်လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ သိလာတယ်။ အဲဒီလို သိသွားတာက သမ္မာဒိဋ္ဌိပဲ။

အဲဒီ သိတဲ့ အာရုံကို စဉ်းစား ဆင်ခြင်မိတဲ့ အာရုံလေးကလဲ ပါသွားတယ်။ စဉ်းစားမိတာလေး ဦးတည် ဦးတည်ပြီးတော့ စိတ်ကလေး တက်တက်သွားတယ်။ စူးစိုက် ဆင်ခြင်တာလေး ပါပါသွားတယ်။ တမင်တကာ နဖူးလက်တင် တွေးနေရတာ မဟုတ်ဘူး။ သူက တခါ မှတ်လိုက်ရင် တခါ ပါသွားတာ။ အဲဒါ သမ္မာသင်္ကပ္ပမဂ္ဂင်ပဲ။

အဲဒီတော့ မဂ္ဂင်ရှစ်ပါးထဲက မဂ္ဂင်ငါးပါး ပါတယ်။

အဲ ... သီလမဂ္ဂင်သုံးပါးက သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတာ။ ဒါကတော့ ...

ပုဗ္ဗေဝ ခေါပနဿ၊ ကာယကမ္မံ ဝစီကမ္မံ

အာဇီဝေါ သု ပရိသုဒ္ဓေါ ဟောတိ။

မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားတယ်။ ရှေးအခါကတည်းက စင်ကြယ်နေပါပြီတဲ့။ ဒါ ခုန သီလဆောက်တည်လာကတည်းက ကာယကံ၊ ဝစီကံတွေက သူ့ဟာ လုံခြုံနေပြီ။ ဒိအရင်ကလဲ လုံခြုံနေကြတာပါပဲ။ အဲ အနီးကပ်အားဖြင့် ပြောရမည်ဆိုရင် သီလဆောက်တည်လိုက်တတည်းက တရားအားထုတ်ကတည်းက စင်ကြယ်နေပြီ။ အဲ ကာယကံတွေလဲ စင်ကြယ်နေတယ်။ ဝစီကံတွေလဲ စင်ကြယ်နေတယ်။ ဒုစရိုက်အသက်မွေးမှုတွေလဲ ဒီအတွင်းမှာ စင်ကြယ်နေတယ်။ အဲဒါကြောင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးက စောစောကတည်းက ပြည့်စုံနေလို့တဲ့။ 

အဲဒီ မဂ္ဂင်သုံးပါးနဲ့ ပေါင်းလိုက်ရင် မဂ္ဂင်ရှစ်ပါး ပါပါတယ်တဲ့။ တခါ ရှုလိုက်ရင် မဂ္ဂင်ရှစ်ပါး၊ တခါ ရှုလိုက်ရင် မဂ္ဂင်ရှစ်ပါး။ အဲဒါ ငါးမိနစ်အတွင်းမှာဆိုရင် တမိနစ်အတွင်း ဆယ်ချက်ပဲ မှတ်မိအုန်းတော့၊ တမိနစ် ဆယ်ချက်တော့ မကပါဘူး၊ နည်းနည်းလောက် ဘုန်းကြီးက လျော့ပြောတာ။ တမိနစ် ဆယ်ချက် မှတ်မိအုန်းတော့ ... အချက်နှစ်ဆယ်လဲ မကပါဘူးနဲ့ တူတယ်။ ရပါလိမ့်မယ်။ အဲ အမှန်ကတော့ တစက္ကန့်ကို တချက်လောက် ရနိုင်ပါတယ်။ ဒါပေမယ်လို့ လျှော့ပြီးတော့ ပြောလို့ရှိရင် နှစ်စက္ကန့်မှာ တချက်လောက်ပဲ ထားအုန်းတော့ တမိနစ်မှာ စက္ကန့်ခြောက်ဆယ် ရှိတာကိုး။ အချက်ပေါင်း သုံးဆယ်လောက်တော့ သူက မှတ်မိမှာပါပဲ။ အဲ တမိနစ်ကို သုံးဆယ်ဆိုရင် ငါးမိနစ်ဆိုရင် သုံးဆယ်ပေါင်း ငါးလီဆိုတော့ တရာ့ငါးဆယ်လောက် ရသွားတယ်။ အနည်းဆုံး တရာ့ငါးဆယ်လောက်တော့ ရသွားတယ်။

မဂ္ဂင်ရှစ်ပါး တရားတွေ ပွားများသွားသဖြင့် တစ တစ ရင့်ပြီးတော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေဆိုတာ ရောက်ရမှာကိုး။ အဲ ရောက်ခြင်း၏ အကြောင်းအရာတွေကို အစလေးပေါ့လေ။ နောက်လဲပဲ တတ်နိုင်သမျှ အားထုတ်ကြပေါ့ ... ဟုတ်လား။ 

အချိန်လဲ တော်တော် များသွားပါပြီ။ သိမ်းကြအုန်းစို့။

ဤ ဘဒ္ဒေကရတ္တသုတ်၌ ဟောကြားတော်မူအပ်သော ဒေသနာတော်နည်းအတိုင်း အတိတ်တရားတွေကို ပြန်လှန်၍ စဉ်းစားခြင်း မပြုဘဲ၊ အနာဂါတ်တရားတွေကို မျှော်လင့် တောင့်တခြင်း မပြုဘဲ၊ ဖြစ်ခိုက် ရုပ်နာမ် ပစ္စုပ္ပန်တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ် အားထုတ် နှလုံးသွင်းနိုင်ကြသည်ဖြစ်၍ ဝိပဿနာဉာဏ်အစဉ်အတိုင်း တိုးတက်၍ ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။